“တပေါင်းစစ်ချီ ဒေါင်းစစ်သည် သောင်းချီ တက်လိမ့်မည်” ဟူသည့် နွေဦးတော်လှန်ရေး အောင်မြင်မည့် အတိတ်နိမိတ်ဖြင့် တဘောင်ကို တန်ပြန်နိုင်ရန်အတွက် အာဏာသိမ်း စစ်ခေါင်းဆောင်က တပေါင်းလဆုတ် ၁၄ ရက်တွင် လွှတ်တော်ကို စခေါ်ရန် ကြေညာခြင်း ဖြစ်နိုင်ကြောင်း ဗေဒင်ပညာ လေ့လာလိုက်စားသူများထံမှ သိရသည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် တတိယအကြိမ် ပြည်ထောင်စုလွှတ်တော်ခေါ်မည့်နေ့တွင် စစ်တပ်အာဏာသိမ်းခဲ့ပြီးနောက် ၅ နှစ်အကြာတွင် အာဏာသိမ်း စစ်ခေါင်းဆောင်က အတုအယောင် ရွေးကောက်ပွဲဖြင့် လွှတ်တော်ခေါ်မည့်ရက်အား ကြေညာလိုက်သည်။
ပြည်သူ့လွှတ်တော်အား တပေါင်းလဆုတ် ၁၄ ရက် (မတ် ၁၆ ရက်) တွင် စတင်ခေါ်ယူရန် ကြေညာထားခြင်းဖြစ်ပြီး အောက်လမ်းနှင့် အမှောင်ဓာတ်များ ကြီးစိုးသည့် လကွယ်ခါနီးရက်ကို ရွေးထားခြင်းမှာ ထိုရက်များသည် ရန်နှိမ်ယတြာများ ပြုလုပ်ချိန်ဖြစ်ခြင်းကြောင့်ဟု ဗေဒင်ပညာ လေ့လာလိုက်စားသူများကပြောသည်။
“လဆုတ်ရက်တွေဟာ ဆုတ်ယုတ်ခြင်း၊ အဆုံးသတ်ခြင်းနဲ့ ဖိနှိပ်ခြင်းတွေကို ကိုယ်စားပြုတယ်။ လဆုတ် ၁၄ ရက်လို ရက်မျိုးဆိုရင် အင်းအိုင်လက်ဖွဲ့တွေ၊ အောက်လမ်းပညာတွေသုံးပြီး ရန်နှိမ်ယတြာတွေကို လုပ်ကြတယ်” ဟု အမည်မဖော်လိုသူ ဗေဒင်ဆရာတစ်ဦးက ပြောသည်။
တပေါင်းစစ်ချီ ဒေါင်းစစ်သည် သောင်းချီတက်လိမ့်မည် ဟူသော တဘောင်သည် စစ်အာဏာသိမ်းကာလအတွင်း လူကြိုက်များသည့် တဘောင်တစ်ခုဖြစ်ပြီး အဆိုပါတဘောင်အား အာဏာသိမ်းစစ်တပ်ဘက်က စိုးရိမ်သဖြင့် တန်ပြန်ရန်နှိမ်ယတြာ ပြုလုပ်ခြင်းဟု ယူဆမှုများရှိသည်။
“နိုင်ငံရေးအရ မရေရာမှုတွေ များလာတဲ့အခါ ဒါမှမဟုတ် လူထုရဲ့ထောက်ခံမှုထက် ကံတရားရဲ့ အထောက်အပံ့ကို ပိုယုံကြည်လာတဲ့အခါ အာဏာရှင်တွေဟာ ဒီလိုလျှို့ဝှက်ဆန်းကြယ်တဲ့ နည်းလမ်းတွေကို အားကိုးလာတတ်ကြပါတယ်” ဟု အဆိုပါ ဗေဒင်ဆရာက ဆက်ပြောသည်။
အာဏာသိမ်းစစ်ခေါင်းဆောင်၏ အာဏာတည်မြဲရေးနှင့် စစ်အာဏာရှင်စနစ်အတွက် ကျားကန်မှုအဖြစ် အတုအယောင်ရွေးကောက်ပွဲဖြင့် လွှတ်တော်ခေါ်ပြခြင်းအား နိုင်ငံတကာက လက်မခံရန် အရေးကြီးကြောင်း နိုင်ငံရေးလေ့လာသူတစ်ဦးက ပြောပြီး ဗေဒင်ကိစ္စများထက် စိတ်ဓာတ်စစ်ဆင်ရေးသာ ဖြစ်နိုင်သည်ဟု ဆိုသည်။
“ဗေဒင်ထက် ကျွန်တော်က ဆိုက်ဝါးလို့ မြင်တယ်။ လူထုက မယုံတာထက် လူတွေကို ခေါင်းဆောင်တဲ့သူတွေကို ယုံအောင်လုပ်တဲ့ သဘောမျိုးပဲ။ တောထဲမှာ ကန်တော့ကန်တော့လုပ်ပြီး အပေါ့သွားတဲ့ ကွန်မြူနစ်ရဲဘော်လိုပေါ့ဗျာ။ ဒီဘက်တော်လှန်ရေး အစိုးရမင်းတွေက ဒီဗေဒင်တွေကို မယုံရင်တော့ ကောင်းတာပေါ့။ အဓိကကတော့ ဒီရွေးကောက်ပွဲသည် အတုအယောင်ဖြစ်တယ်၊ လက်ဗလာနဲ့ လူထုက သပိတ်မှောက် မဲမပေးဘဲ နေကြတယ်။ ဒါကို အဝေးက နိုင်ငံတကာက ကြောက်ပြီး အသိအမှတ်မပြုကြဖို့ပဲ” ဟု ၎င်းက ပြောသည်။
အာဏာသိမ်းစစ်တပ်သည် မတ် ၁၆ ရက်တွင် ပြည်သူ့လွှတ်တော်ကို စခေါ်ပြီး ယင်းနောက် မတ် ၁၈ ရက်တွင် အမျိုးသားလွှတ်တော်နှင့် မတ် ၂၀ ရက်တွင် ပြည်နယ်နှင့် တိုင်းလွှတ်တော်များ ခေါ်မည်ဟု ကြေညာထားသည်။
ထိုသို့ လွှတ်တော်ခေါ်ရန် ဒီဇင်ဘာ ၂၈ ရက်မှ ဇန်နဝါရီ ၂၅ ရက်အတွင်း အတုအယောင် ရွေးကောက်ပွဲ သုံးပိုင်းခွဲပြုလုပ်ပြီး လူရွေးခဲ့သည်။
အဆိုပါရွေးကောက်ပွဲတွင် အာဏာသိမ်းစစ်တပ် စိတ်ကြိုက်ရေးဆွဲထားသော ရွေးကောက်ပွဲဥပဒေ၊ စိတ်ကြိုက်ရွေးကောက်ပွဲ ပြင်ဆင်မှုများဖြင့် စစ်ခေါင်းဆောင်အလိုကျ ကြံ့ခိုင်ရေးပါတီ အနိုင်ရသွားသည်။
အတုအယောင်ရွေးကောက်ပွဲအား လူထု၏ မဲမပေးသပိတ်မှောက် ပါဝင်မှုအားကောင်းခဲ့သော်လည်း အာဏာသိမ်းစစ်တပ်ဘက်ကမူ လူဦးရေ ၁၃ သန်းခန့် မဲလာပေးသဖြင့် အောင်မြင်သည်ဟု ဆိုထားသည်။
