ဘုန်းကြီးကျောင်း မီးရှို့ခဲ့သည့် စစ်ကြောင်းကို PDF တိုက်ခိုက်၊ ၄ ဦးထက်မနည်းသေဆုံးဟုဆို

ဓာတ်ပုံ - မကွေးခရိုင် အမှတ် ၃ တပ်ရင်း
ပုံစာ - မကွေးခရိုင် အမှတ် ၃ တပ်ရင်းမှ ရဲဘော်များ

မကွေးတိုင်း ၊ ချောက်မြို့နယ်တွင် ဘုန်းကြီးကျောင်းကို မီးရှို့ခဲ့သည့် စစ်ကြောင်းကို PDFတို့ တိုက်ခိုက်ခဲ့ရာ ၄ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီ ၁၄ ရက်မှစတင်၍ တပ်မ ၈၈ နှင့် နယ်မြေခံ တပ်ရင်းများမှ ပူးပေါင်းအင်အား ၂၀၀ ခန့်ဖြင့် ချောက်မြို့နယ်၊ သရက်ပင် ၊ မြေနီလိန် ၊ ညောင်ဇင် ၊ ‌ဆူးတောနှင့်ရွာမ ကျေးရွာများသို့ ၃ ရက်ကြာ ထိုးခဲ့သည့် စစ်ကြောင်းသည် ဖေဖော်ဝါရီ ၁၅ ရက် နံနက် အစောပိုင်း၌ ချောင်းဦးရွာ ဘုန်းကြီးကျောင်းကို မီးရှို့ခဲ့ပြီး ဖေဖော်ဝါရီ ၁၆ ရက်၌ ရွာမကျေးရွာမှ နေအိမ် ၃ လုံးကို ထပ်မံမီးရှို့ခဲ့ကြောင်း စစ်ကြောင်းထိုးခဲ့သည့် ၃ ရက်အတွင်း မကွေးခရိုင်တပ်ရင်းများက ယင်းစစ်ကြောင်းကို လက်နက်ကြီး ၊ လက်နက်ငယ်နှင့် ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးထက်မနည်းသေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူလည်း များပြားကြောင်း မကွေးခရိုင် အမှတ် ၃ တပ်ရင်းက သတင်းထုတ်ပြန်ထားသည်။

“၃ ရက်လုံး ဒရုန်းတွေနဲ့ ချလိုက် လက်နက်ကြီးတွေနဲ့ ပစ်လိုက် တိုက်ပွဲငယ်တွေ ဖြစ်လိုက်ပါပဲ။ ၃ ရက်လုံး ပြောက်ကျားစနစ်နဲ့ တိုက်ပွဲ ဖြစ်ခဲ့တာပါဗျ။ ချောင်းဦး ကျေးရွာက ရွာဦးဘုန်းတော်ကြီး ကျောင်းက ကျောင်းဆောင်မကြီးနဲ့ ဘုန်းတော်ကြီးစီးတဲ့ ကားတစ်စီးတို့ကို ရှို့သွားတာပါ။ ဦးဇင်း တွေက စစ်ကြောင်းဝင်လာကတည်းက ရှောင်နေကြတာပါ။ဘုန်းကြီးကျောင်းက ဆူးတောနဲ့ ညောင်ဇင်ရွာ လမ်းဘေးမှာရှိတာပါ။ ချောင်းဦးရွာကိုတော့မဝင်သွားပါဘူး။ သေဆုံးတဲ့ စစ်သားတွေ ကိုက စစ်ကြောင်းမှာ အဖမ်းခံရတဲ့ ပြည်သူတွေဆီကနေ ပြန်အတည်ပြုပြောတာပါဗျ။ အလောင်း တွေကိုလည်း တစ်ခါတည်း မြေမြှုပ်ခဲ့တာပါဗျ။ အပုတ်နံ့တွေ တအားနံနေပြီမို့ ပြန်တော့မဖော် ကြည့်ထားပါဘူးဗျ”ဟု မကွေးခရိုင် အမှတ် ၃ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက MPA သို့ပြောသည်။

ယင်းစစ်ကြောင်းသည် သရက်ပင် ၊ ညောင်ဇင်နှင့် ဆူးတောကျေးရွာတို့မှ ပြည်သူ ၁၀ ဦးကိုဖမ်းဆီးကာ လမ်းပြအဖြစ်ခေါ်ဆောင်သွားပြီး စစ်ကြောင်းပြန်ဆုတ်သည့် ဖေဖော်ဝါရီ ၁၆ ရက်က ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။

“၁၀ ဦးဝန်းကျင်လောက် ဖမ်းခံရတာပါ။ အကုန်တော့ စစ်ကြောင်းပြန်တဲ့အခါ ပြန်လွှတ်ပေးခဲ့တာပါ။ လမ်းပြအနေနဲ့ရော ပစ္စည်းသယ်ခိုင်းတာ။ သူတို့ လိုချင်တာတွေတော့ နိုင်သလောက် သယ်သွားကြ တာမျိုးရှိပါတယ်။ ၁၆ရက်နေ့ ညနေပိုင်းမှာ ပြန်ဆုတ်တာပါ။ မြေနီလိန်၊ သရက်ပင် ရွာတွေ သူတို့ဝင်လာတဲ့လမ်းအတိုင်းပဲ ပြန်ဆုတ်သွားတာပါ။ မြဝတီဂိတ်ဘက်ကို ပြန်ဆုတ်သွားတာပါ။ ဂွေးပင်ရွာမြောက်ဘက်နားက မြဝတီ အသံလွှင့်ရုံကို သူတို့က ဂိတ်ထိုင်ထားတာပါ။ အခုတော့ ပြည်သူတွေ ကိုယ့်ရွာကိုယ် ပြန်ဝင်နေကြပါပြီ”ဟု ၎င်းကဆက်လက်ပြောသည်။

ယင်းတိုက်ခိုက်မှုများကို မကွေးခရိုင် အမှတ် ၃ တပ်ရင်း ၊ အမှတ် ၂ တပ်ရင်းနှင့် အမှတ်တစ် တပ်ရင်းတို့က ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်သည်။

စစ်ကြောင်းထိုးခဲ့သည့် ၃ ရက်အတွင်း စလေမြို့နယ် အခြေစိုက် ခမရ ၄၁၆ နှင့် မြဝတီဂိတ်တို့မှ ဟောင်ဝှစ်ဇာနှင့် ၁၂၂ မမ အတွဲလိုက်ပစ် ဒုံးယာဉ်များဖြင့် ပစ်ကူပေးခဲ့ပြီး စစ်ကြောင်းပြန်လည် ဆုတ်ခွာပြီးနောက် ဖေဖော်ဝါရီ ၁၈ ရက်အထိ ခမရ ၄၁၆ မှ ရွာမ ၊ ဆူးတောနှင့် နရွဲတောကျေးရွာများဘက်သို့ ဟောင်ဝှစ်ဇာဖြင့် ရမ်းသန်းပစ်ခတ်နေသေးကြောင်း သိရသည်။

စစ်သားများ သေဆုံးမှုကို MPAအနေနှင့် သီးခြားအတည်မပြုနိုင်ပေ။