စစ်ကိုင်းတိုင်း ၊ ပုလဲမြို့နယ် ပုလဲ-ဂန့်ဂေါလမ်းဘေးတစ်လျှောက် ရွာစဉ်လှည့် စစ်ကြောင်းထိုးနေ သည့် စစ်တပ်က စာသင်ကျောင်းနှင့် အင်တာနက်ဆိုင်ဖွင့်ထားသည့် အိမ်ကို မီးရှို့ခဲ့ကြောင်း သိရသည်။
ဖေဖော်ဝါရီ ၂၃ ရက်ညတွင် အင်းကန်ကျေးရွာ၌ ညအိပ်ခဲ့သည့် အင်အား ၂၀၀ ဝန်းကျင်ပါ စစ်ကြောင်းသည် ယနေ့(ဖေဖော်ဝါရီ ၂၄ ရက်) နံနက် ၇ နာရီခန့်မှစတင်၍ သပြေကုန်းကျေးရွာသို့ ဝင်ရောက်ခဲ့ပြီး နံနက် ၈ နာရီခွဲဝန်းကျင်၌ နှောရိုးကျေးရွာသို့ ရောက်ရှိကာ နှောရိုးကျေးရွာ စာသင်ကျောင်းကို မီးရှို့ခဲ့ကြောင်း ထို့နောက် ချင်ပြစ်ကျင်းကျေးရွာသို့ ဆက်လက်ထွက်ခွာကာ ရွာထိပ်ရှိ အင်တာနက်ဆိုင် ဖွင့်ထားသည့် အိမ်တစ်လုံးအား မီးရှို့ပြီး ချင်ပြစ်ကျင်းကျေးရွာ၌ တပ်စွဲထားကြောင်း ဒေသခံပြည်သူအချို့ထံက သိရသည်။
“နှောရိုး အနောက်မြောက်က စာသင်ကျောင်းကို မီးရှို့ခဲ့တယ်လို့တော့ ပေါက်စက်ကနေ အော်တယ်။ ငှက်ပျောတောက ကောင်တွေကလည်း နွယ်အင်းဘက်သွားနေတာဆိုတော့ နွယ်အင်းလည်း ရှို့ခံရ မယ်ထင်တယ်။ နွယ်အင်းမှာက ဆေးရုံတွေပါ ရှိတယ်လေ။ ချင်ပြစ်ကျင်းမှာလည်း ၁၂ နာရီ လောက် က မီးရှို့နေတယ်။ တစ်ရွာလုံးတော့ မရှို့လောက်ဘူး။ သူတို့ သတင်းရတဲ့အိမ်တွေ မသင်္ကာတဲ့အိမ် တွေပဲ ရှို့မယ်ထင်တယ်”ဟု ဒေသခံ အမျိုးသားတစ်ဦးက MPA သို့ပြောသည်။
ထို့အပြင် ငှက်ပျောတောကျေးရွာတွင် ညအိပ်ခဲ့သည့် အင်အား ၁၅၀ ခန့်ပါစစ်ကြောင်းသည် ယနေ့ နံနက်ပိုင်း၌ ဇီးဖြူကုန်းပျူရွာသို့ ထွက်ခွာခဲ့ပြီး နံနက် ၁၀ နာရီခွဲဝန်းကျင်၌ နွယ်အင်းကျေးရွာသို့ ရောက်ရှိကာ နေ့လယ်ပိုင်းအထိ ဆက်လက်တပ်စွဲထားကြောင်း သိရသည်။
“ချင်ပြစ်ကျင်းနဲ့နွယ်အင်းလည်း ဒီဘက်ရှောင်သလိုပဲ ရှောင်တဲ့သူက ရှောင်ကြမှာပေါ့။ နေတဲ့သူ တွေလည်းနေခဲ့လောက်တယ်။ ဒါပေမဲ့၊ မီးရှို့ရင်တော့ သူတို့လည်း အနှေးနဲ့အမြန်တော့ ရှောင်ရမှာပဲလေ။ မီးရှို့ပြီး ဘာဆက်လုပ်ဦးမလဲမှ မသိနိုင်တာ”ဟု ဒေသခံ အမျိုးသမီးတစ်ဦးက ဆိုသည်။
ယင်းစစ်ကြောင်း ၂ ကြောင်းသည် ဖေဖော်ဝါရီ ၂၁ ရက်မှစတင်၍ ပုလဲမြို့ထဲမှ အင်အား ၂၀၀ ဝန်းကျင်စီဖြင့် ထွက်လာခြင်းဖြစ်ပြီး ပုလဲ-ဂန့်ဂေါ လမ်းတလျှောက်ရှိ ကျေးရွာ ၁၅ ရွာခန့်ကို စစ်ကြောင်းထိုးလာခြင်းဖြစ်သည်။
