တပ်ရင်း ၃ ရင်း ထပ်တိုးဖွဲ့စည်းကြောင်း အထူးတိုင်းစစ်ဌာန ကြေညာ

ဓာတ်ပုံ-အထူးတိုင်း စစ်ဌာန
ပုံစာ- အောင်ပွဲခံ အထူးတိုင်းစစ်ဌာနရဲဘော်များ

တပ်ရင်း၃ရင်းကို ထပ်တိုးဖွဲ့စည်းလိုက်ကြောင်း အထူးတိုင်းစစ်ဌာနက ယနေ့(ဖေဖေါ်ဝါရီ၂၄ရက်) သတင်းထုတ်ပြန်သည်။

အမှတ် ၈၀၀၂ တပ်ရင်း – KANBAUK DEFENCE FORCE၊ အမှတ် ၈၀၀၃ တပ်ရင်းနှင့် အမှတ် ၉၉၂၅ တပ်ရင်း – RANGOON WARRIORS PDF တပ်ရင်း ၃ရင်းကို ထပ်တိုး ဖွဲ့စည်းအတည်ပြုလိုက်ကြောင်း အထူးတိုင်းစစ်ဌာနက ဆိုသည်။

“အရင်တုန်းက တပ်တွေဖွဲ့စည်းတယ်ဆိုတာက တော်လှန်ရေးစိတ်ဓာတ်ကို အခြေခံပြီး ဖွဲ့တယ်။ ပြောက်ကျားတိုက်နိုင်ဖို့ကို အဓိကအားပြုကြတယ်။ဒီဘက်နောက်ပိုင်း MODတပ်ရင်းတွေက အမိန့် နာခံမှုရှိတယ်။စစ်စွမ်းရည်လေ့ကျင့်မှုကောင်းတယ်။ထိုးစစ်ဆင်နိုင်တယ်ဆိုတဲ့ စစ်တပ်တစ်တပ် ဖြစ် အောင် ဖွဲ့စည်းတာ။အဲဒါက PDFတပ်တွေရဲ့ အပြောင်းလဲကြီး ပြောင်းလဲမှုတစ်ရပ်ပဲ”ဟု သထုံခရိုင်အ ခြေစိုက် စစ်ရေးသတင်းရင်းမြစ်က MPAသို့ပြောသည်။

အထူးတိုင်းစစ်ဌာန စတင်ဖွဲ့စည်းချိန်တွင် တိုင်းစစ်ဌာနအောက် နည်းဗျူဟာ ၅ ခုရှိပြီး တရားဝင် ကွပ်ကဲမှုခံယူထားသော တိုက်ခိုက်ရေးတပ်ရင်း ၁၁ရင်းနှင့် ဒရုန်းလက်ရုံးတပ်ဖွဲ့ ၅ ဖွဲ့ ရှိကြောင်း တိုင်းစစ်ဌာနအနေဖြင့်NUGကာကွယ်ရေးဝန်ကြီးဌာန (MOD) စစ်ရုံးချုပ်နှင့် အမှတ်တစ် စစ်ဆင် ရေးမှူး၏ လမ်းညွှန်ချက်နှင့်အညီ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ၏ ကွပ်ကဲမှုအောက်တွင် COC နှစ်ရပ်နှင့်အညီ ခိုင်မာတောင့်တင်းသော တပ်ရင်း၊ တပ်ဖွဲ့၊ စစ်ကြောင်းများအဖြစ် စနစ်တကျ စုဖွဲ့လေ့ကျင့်လျက်ရှိကြောင်းပထမဆုံးအနေဖြင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) များဖြစ်သော ရန်ကုန်၊ ပဲခူး၊ မွန် ပကဖ တပ်ဖွဲ့များကို စနစ်တကျစုစည်း၍ တိုက်ခိုက်ရေးစစ်ကြောင်း ၃ ကြောင်း ဖွဲ့စည်းခြင်းအပြင် အမှတ် ၈၀၀၁တပ်ရင်းနှင့် အမှတ် ၁၈၁၉ ဒရုန်းတပ်ဖွဲ့ကိုလည်း ထပ်တိုး ဖွဲ့စည်းနိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

အထူးတိုင်းစစ်ဌာနကို ၂၀၂၅ခုနှစ်၊ဧပြီ၃ရက်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ရုံးချုပ်က ဖွဲ့စည်းအတည်ပြုခဲ့သည်။