ပိတ်ဆို့ခံထားရသည့် ဖာပွန်မြို့ရှိ စစ်အခြေစိုက်စခန်းမကျစေရန် စစ်ကော်မရှင် လေကြောင်းမှ အပြင်းအထန်ကာကွယ်နေ

ဓာတ်ပုံ - NUG ၊ KNU
ပုံစာ - ဖာပွန်မြို့သိမ်းတိုက်ပွဲ (ပုံဟောင်း)

ထိုင်း-မြန်မာနယ်စပ် KNU တပ်မဟာ (၅) နယ်မြေ၊ ကရင်ပြည်နယ်၊ ဖာပွန်မြို့တွင် ကျန်ရှိနေသည့် ဗျူဟာကုန်းနှင့် တပ်ရင်းများ မကျစေရန် စစ်တပ်က အပြင်းအထန်ကာကွယ်နေပြီး လေကြောင်းတိုက်ခိုက်မှုများ အဆက်မပြတ် လုပ်ဆောင်နေကြောင်း မြေပြင်ရဲဘော်များထံမှ သိရသည်။

စစ်ရေးအရ အရေးပါသည့် ဖာပွန်ဗျူဟာစခန်းကုန်းရှိ စစ်ကော်မရှင်တပ်ဖွဲ့ဝင်များသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလအစောပိုင်းတွင် ထိုးဖောက်ထွက်ပြေးရန် ကြိုးစားလာသည့်အတွက် နှစ်ဖက်တိုက်ပွဲ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ထိုးဖောက်ထွက်ပြေးရန် ကြိုးစားနေသည့် ဗျူဟာစခန်းကုန်းမှ စစ်ကော်မရှင်တပ်ကို လွန်ခဲ့သည့် ၂၀၂၄ ခုနှစ်၊ မတ်လကတည်းက ကရင်တော်လှန်ရေးပူးပေါင်းတပ်များက ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်နေခြင်းဖြစ်သည်။

ပိတ်မိနေသည့် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များအတွက် လိုအပ်သည့် လက်နက်ခဲယမ်းနှင့် စားနပ်ရိက္ခာများကို စစ်တပ်က လေကြောင်းမှတစ်ဆင့် ပို့ဆောင်နေသော်လည်း ကာလရှည်ကြာလာသည့်အခါ ခဲယမ်းနှင့် ရိက္ခာမလုံလောက်မှုများကြောင့် ထိုးဖောက်လာရန် ကြိုးစားလာခြင်းဖြစ်နိုင်ကြောင်း KNU တပ်မဟာ (၅) နှင့် နီးစပ်သည့် စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးက MPA ကို ပြောသည်။

“အကုန်လုံးက အဲဒီဗျူဟာကုန်းမှာ ပိတ်မိနေတာ၊ ထွက်လို့မရ၊ စားနပ်ရိက္ခာတွေဆို လုံလုံလောက်လောက်မရှိဘူးလေ၊ လေယာဉ်နဲ့တော့ လာချပေးပါတယ်၊ ချတိုင်းလည်း သူတို့မရဘူး၊ တစ်ခါတလေ တော်လှန်ရေးအဖွဲ့တွေက သိမ်းရတာရှိတယ်၊ ကြာပြီလေ နှစ်ချီလာတော့ မခံနိုင်ဘူးထင်တယ်၊ အပြင်ထွက်ဖ ကြိုးစားတာနဲ့ အပြင်က ပိတ်ဆို့ထားတဲ့ အဖွဲ့နဲ့ ပစ်ခတ်မှု စဖြစ်တာပဲ” ဟု ၎င်းက ပြောသည်။

ထိုင်း-မြန်မာနယ်စပ်မြို့တစ်ခုဖြစ်သည့် ဖာပွန်မြို့နှင့် ခြေလျင်ခြေမြန်တပ်ရင်း သုံးရင်းကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ မတ်လတွင် KNU/KNLA, PDF ပူးပေါင်းအဖွဲ့များက သိမ်းပိုက်နိုင်ခဲ့သည်။

သို့သော် ဖာပွန်မြို့အပြင်ရှိ ဖာပွန်ဗျူဟာနှင့် ဗျူဟာကို ခြံရံထားသည့် အမှတ် (၃၄၀)၊ အမှတ် (၃၄၁) ခြေမြန်တပ်ရင်းတို့ကို သိမ်းပိုက်နိုင်ခဲ့ခြင်း မရှိသေးပေ။

တပ်ရင်းတွင် ကျန်ရှိနေသည့် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များသည် ဖာပွန်ဗျူဟာကုန်းတွင် အင်အားသွားရောက် ပူးပေါင်းတပ်စွဲနေထိုင်ခဲ့ပြီး မြေပြင်စစ်ကူနှင့် ခဲယမ်းရိက္ခာ ပို့ဆောင်၍မရအောင် တော်လှန်ရေးပူးပေါင်းတပ်များက ပိတ်ဆို့ဖြတ်တောက်ထားခဲ့သည်မှာ ယနေ့အထိဖြစ်သည်။

ထို့အပြင် ပိတ်ဆို့ခံထားရသည့် စစ်စခန်းတွင် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များ၊ Non-CDM ဝန်ထမ်းများနှင့် စစ်ဘက်အရပ်ဘက် မိသားစုဝင်များအပါအဝင် ၅၀၀ ဦးကျော်ခန့်ရှိကြောင်း တော်လှန်ရေးတပ်များက ခန့်မှန်းထားသည်။

“သတင်းရထားတာက တစ်နေရာတည်းမှာ ပေါင်းနေပေမဲ့ အဲဒီတပ်ရင်းမှာ‌တော့ သူ့လူတွေ ရှိနေသေးတယ်၊ အခု တိုးထွက်တော့ ထွက်မရတော့ လေကြောင်းကလည်း ပစ်ကူပေးတာပေါ့၊ ရက်ဆက်ပါပဲ၊ ပြီးတော့ ကတိုင်တိရွာဘက်ကနေ မြေပြင်စစ်ကူလည်း ပို့တယ်၊ ဒီဘက်က လမ်းမှာပဲ ကြားဖြတ်တိုက်ခိုက်နေလို့သာ ဒီဘက်ကို မရောက်လာသေးတာ၊ အခုအခြေအနေက လက်နက်ကြီးနဲ့ လေကြောင်း တအားပစ်နေတယ်၊ တိုက်ပွဲက ဖြစ်နေတာ သုံးပတ်ကျော်လာပြီ” ဟု အမည်မဖော်လိုသည့် ဖာပွန်မြို့တိုက်ပွဲတွင် ပါဝင်သည့် ရဲဘော်တစ်ဦးက ပြောသည်။

ထို့အပြင် ဖာပွန်မြို့တောင်ဘက် မိုင် (၃၀) ဝန်းကျင်အကွာတွင် တည်ရှိသည့် ကတိုင်တိကျေးရွာမှတစ်ဆင့် စစ်ကူပေးရန် ကြိုးစားနေသော အဖွဲ့သည် ကရင်နယ်ခြားစောင့်တပ် (BGF)၊ ဗိုလ်ဘိဦးဆောင်သည့် DKBA ခွဲထွက်အဖွဲ့တို့ ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ယနေ့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့အထိ ဖာပွန်မြို့တွင် နှစ်ဖက်ထိတွေ့တိုက်ပွဲ ပြင်းထန်နေဆဲဖြစ်ပြီး စစ်တပ်က လေကြောင်း၊ ဒရုန်းနှင့် လက်နက်ကြီးပစ်ခတ်မှုများ အရှိန်မြှင့်လုပ်ဆောင်နေသည်။

“လေကြောင်းနဲ့ ဒရုန်းကို ပိုသတိထားနေရတယ်၊ သူတို့လည်း ရှေ့မထွက်နိုင်သေးဘူး၊ နှစ်ဖက်စလုံးကတော့ ထိခိုက်မှုရှိပါတယ်၊ အစောပိုင်းရက်မှာဆို မျက်နှာချင်းဆိုင်တည့်တည့်ကြီး ပစ်ခတ်ကြတော့ လေယာဉ်နဲ့ ကြဲတာ သူတို့လူပါ ထိတာမျိုးတွေ ရှိတယ်လေ” ဟု အထက်ပါရဲဘော်က ပြောသည်။

NUG ၏ ထုတ်ပြန်ချက်အရ ဖေဖော်ဝါရီလ ၁ ရက်မှ ၁၅ ရက်အထိ ဖာပွန်တိုက်ပွဲအတွင်း တိုက်ပွဲ ၅၇ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က ၆ ဦး သေဆုံးကာ ၂၀ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့သော်လည်း တော်လှန်ရေးဘက် ထိခိုက်သေဆုံးမှုအရေအတွက်ကို ဖော်ပြထားခြင်းမရှိပေ။

ထိုင်း-မြန်မာ နယ်စပ်လည်း ဖြစ်သည့်အပြင် ကရင်နီ (ကယားပြည်နယ်) နှင့် နယ်နမိတ်ထိစပ်နေသည့် ဖာပွန်မြို့သည် စစ်ရေးအရ အရေးပါသည့်နယ်မြေတစ်ခုဖြစ်ပြီး ယင်းနယ်မြေကျသွားပါက နေပြည်တော်၊ ပဲခူး၊ မွန် အစရှိသည့်ဒေသများကို တော်လှန်ရေးတပ်များ ထိုးဖောက်ဝင်ရောက်လာနိုင်သည့်အတွက် စခန်းမကျစေရန် စစ်တပ်က အပြင်းအထန် ကာကွယ်နေခြင်းဖြစ်သည်ဟု သုံးသပ်ပြောဆိုမှုများ ရှိသည်။