ပုဏ္ဏားကျွန်း ဈေးနှင့်ကျောင်း စစ်တပ် ဗုံးသင့်၊ ကလေးများအပါအဝင် ၁၇ ဦး သေဆုံးဟုဆို

ဓာတ်ပုံ - လူမှုကွန်ရက်
ပုံစာ - လေကြောင်းတိုက်ခိုက်မှုအပြီး ယိုးငူကျေးရွာမီးလောင်နေစဉ်။

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးငူကျေးရွာကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်များအပါအဝင် ၁၇ဦးသေဆုံးကြောင်း သိရသည်။

ယနေ့ ( ဖေဖော်ဝါရီ ၂၄ရက် ) မွန်းလွဲ ၂နာရီ‌ကျော်က ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးငူကျေးရွာကို စစ်တပ်က ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ ဗုံး ၂လုံးကြဲချခဲ့ရာ ရွာလယ်ခေါင်ရှိ ဈေးနှင့်စာသင် ကျောင်းနား ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဒေသခံအချို့ထံက သိရသည်။

” ရွာလယ်က ဈေးနဲ့ စာသင်ကျောင်းနားကိုကျတာ။ အိမ်တွေရော ဈေးရော မီးလောင်နေတော့ မီးငြှိမ်းရနဲ့ အလောင်းတွေနဲ့ လူနာတွေ ဆွဲထုတ်နေရတာ။ လောလောဆယ်သိရသလောက် သေဆုံး တာ ကလေးငယ်တွေ အပါအဝင် ၁၇ဦး လောက်ရှိပြီ။ ဒဏ်ရာရသူလည်း ၁၄ဦးလောက်ရှိတယ်။ ဒီထဲ တော်တော်အခြေအနေမကောင်းတာ ၃ဦးရှိတယ်။ ကလေးတွေနဲ့ အမျိုးသမီးတွေ သေကြတာ များတယ်။ ထုတ်ရသလောက် အလောင်းတွေကလည်း မီးလောင်‌ပြီး ရုပ်အလောင်းပျက်စီးနေတော့ မည်သူမည်ဝါ ခွဲခြားဖို့ ခက်တယ်။ ဗုံးကြဲခံရပြီးသေသလား၊ မီးလောင်သေသလား မပြောတတ် သေးဘူး ” ဟု ပုဏ္ဏားကျွန်းမြို့နယ် သတင်းရင်းမြစ်က MPA ကို ပြောသည်။

ဗုံးကြဲခံရသည့် ယိုးငူကျေးရွာသည် ရန်ကုန် – စစ်တွေကားလမ်းဘေးတွင် တည်ရှိပြီး ပုဏ္ဏားကျွန်းနှင့် စစ်တွေမြို့နယ်တို့မှ စစ်ရှောင်ပြည်သူများ လာရောက်နေထိုင်ကြခြင်းဖြစ်ကာ သေဆုံးသူများအနက် စစ်ရှောင်ပြည်သူများလည်း ပါဝင်နိုင်ကြောင်း သိရသည်။

စစ်တပ်သည် ၂ဝ၂၅ ၊ နိုဝင်ဘာ ၇ ရက်ကလည်း ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုတ်ကျေးရွာကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲခဲ့ရာ အမျိုးသား၂ဦးနှင့် အမျိုးသမီး၄ဦး သေဆုံးခဲ့သေးသည်။