စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်အတွင်း စတားလင့်ဆိုင်နှင့် ဆီကြိတ်စက်ကို စစ်တပ်က ပါရာမော်တာဖြင့် ဗုံးကြဲချခဲ့ရာ ကလေးငယ် ၂ဦးအပါအဝင် ၁၀ဦးသေဆုံးခဲ့ကြောင်းသိရသည်။
ဖေဖော်ဝါရီ ၂၃ရက်၊ ည ၇နာရီခန့်တွင် မြင်းမူမြို့နယ်၊ ရွှေကျောင်းကန်ရွာကို စစ်တပ်က ပါရာမော် တာနှစ်စင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ် ၂ဦး၊ အမျိုးသား ၅ဦးနှင့် အမျိုးသမီး ၃ဦးတို့ သေဆုံးခဲ့ကြောင်း NUG မြင်းမူမြို့နယ် မီးဘေးလုံခြုံရေးအဖွဲ့ထံက သိရသည်။
” ရွာအ၀င် လမ်းထိပ်မှာ လေကြောင်းတိုက်ခိုက်ခံရတာပါဗျ။ Starlink Wifi အသုံးပြု ပြည်သူများနှင့် ဆီကြိတ်စက်မှ ဆီကြိတ်နေသော ပြည်သူများ ထိခိုက်သေဆုံးမှုဖြစ်ပွားပါတယ်ဗျ။ ကလေးငယ် သေ ဆုံး စာရင်းမှာ တစ်ယောက်က ၂နှစ်လို့ သိရှိရပါတယ်ဗျ။ နောက်တစ်ယောက်တော့ အသက်မသိရှိရ သေးပါဘူးဗျ” ဟု NUG မြင်းမူမြို့နယ် မီးဘေးလုံခြုံရေး တာ၀န်ခံက MPA သို့ပြောသည်။
ယင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၅ဦး ဒဏ်ရာရရှိခဲ့ပြီး ဆေးကုသမှုခံယူနေစဉ် တစ်ဦး သေဆုံးခဲ့ ကြောင်း သိရ သည်။
ယင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ဆီကြိတ်စက်နှင့် လူနေအိမ်တစ်လုံးပျက်စီးပြီး နွား ၅ကောင်လည်း သေဆုံးခဲ့ကြောင်းသိရသည်။
ရွှေကျောင်းကန်ရွာသည် အိမ်ခြေ ၃၀၀ကျော်ရှိပြီး မြင်းမူမြို့နှင့် မိုင် ၂၀ခန့်ဝေးကြောင်းသိရသည်။
