မွန်ပြည်နယ် ၊ ရေးမြို့နယ်အတွင်း တော်လှန်ရေးပူးပေါင်းတပ်၏ တိုက်ခိုက်မှုကြောင့် အထိနာခဲ့ သော စစ်ကြောင်းသည် တောထဲ၌ ကိုယ်ယောင်ဖျောက် မှောင်ရိပ်ခိုနေကြောင်း သိရသည်။
ဖေဖော်ဝါရီ ၂၂ရက်တွင် ရေးမြို့နယ် ၊ မော့ကနင်ကျေးရွာ အခြေစိုက် ခလရ ၁၀၆ မှ ထွက်လာသည့် အင်အား ၁၅၀ ပါ စစ်ကြောင်း နှစ်ကရင်ကျေးရွာသို့ ရောက်ရှိချိန်၌ တော်လှန်ရေးပူးပေါင်းတပ်များက ဒရုန်းဗုံးသီး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ စစ်သားများ ထိခိုက်သေဆုံးမှုကို မသိရကြောင်း ၊ ယင်းစစ်ကြောင်းသည် ဖေဖော်ဝါရီ ၂၃ ရက်နံနက်ပိုင်းတွင် နှစ်ကရင်ကျေးရွာနှင့် ၆ မိုင်ခန့်အကွာရှိ အောင်သပြေကျေးရွာအနီးသို့ ရောက်ရှိနေစဉ် တော်လှန်ရေး ပူးပေါင်းတပ်များနှင့် တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်သား ၅ ဦးသေဆုံးကာ တော်လှန်ရေးရဲဘော် ၂ ဦးလည်း ကျဆုံးခဲ့ကြောင်း မွန်ပြည်တော်လှန်ရေးတပ်(MSRF)က ဖေဖော်ဝါရီ ၂၄ ရက်ညနေပိုင်း၌ သတင်းထုတ်ပြန်ထားသည်။
“အဲဒီစစ်ကြောင်းကသူတို့ လှည့်ပတ်ပြီးသွားနေတာပေါ့နော်။ ပြီးတော့ အပျောက်နေနေတဲ့ စစ်ကြောင်းလည်း ဖြစ်တယ်ပေါ့နော်။ လက်နက်ကြီးနဲ့ပစ်တာက သူတို့မှာပါလာတဲ့ စစ်ကြောင်းမှာ ပါလာတဲ့ လက်နက်ကြီးနဲ့လည်းပစ်တယ်။ ပြီးတော့ အထိုင်တပ်ရင်း အမတ ၃၁၇ ကနေပြီးတော့ လည်း လက်နက်ကြီးနဲ့ ပစ်တယ်ပေါ့လေ။ပြီးတော့ တိုက်ပွဲဖြစ်ပွားစဉ်မှာတော့ စစ်ကူလာတာ မျိုးတော့ မရှိဘူး။ ဒါပေမဲ့၊ သူတို့စစ်ကြောင်းက ၂ ကြောင်းခွဲပြီးတော့ လာတယ်။ ၂ ကြောင်းခွဲပြီးတော့ လာတဲ့အချိန်မှာ ကျမတို့ မဟာမိတ်ပွိုင့်ကို အရင်ဦးဆုံး ထိတွေ့ဖြစ်တယ်။ ပြီးတော့ ကျမတို့ MSRF ရှိတဲ့ပွိုင့်ကို ၂ ကြောင်းက ပေါင်းပြီးတော့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ ရန်သူအလောင်းကတော့ စစ်ကြောင်းကနေပဲ ပြန်ပြီးသယ်သွားတာပါ”ဟု MSRF ပြောရေးဆိုခွင့်ရှိသူ မိတလဉာဏ်က MPA သို့ပြောသည်။
တိုက်ပွဲဖြစ်ပွားပြီးနောက် ယင်းစစ်ကြောင်းသည် အပျောက်ဖျောက်နေသဖြင့် စစ်ကြောင်း၏ တည်နေရာနှင့် ဆက်လက်သွားမည့် နေရာကို စုံစမ်းဆဲဖြစ်ကြောင်း သိရသည်။
“ဒီနေ့ကတော့ ထိတွေ့တိုက်ပွဲဖြစ်ပွားတာမျိုးမရှိဘူး။ သူတို့အထိုင်တပ်ရင်းကနေပြီးတော့ လက်နက်ကြီးနဲ့ပေါ့နော်။ ရွာတွေဘက်ကို ရမ်းသန်းပစ်ခတ်တာမျိုးကတော့ ရှိပါတယ်”ဟု ၎င်းက ဖေဖေါ်ဝါရီ၂၄ရက်ညတွင် ပြောသည်။
တိုက်ပွဲဖြစ်ပွားသည့်အချိန်အတွင်း ပြည်သူများ ခေတ္တစစ်ရှောင်ကြရသော်လည်း ဖေဖောဝါရီ ၂၄ ရက်တွင်မူ နေရပ်သို့ ပြန်လည်ဝင်ရောက်နေပြီ ဖြစ်ကြောင်း သိရသည်။
ထို့အပြင် ဖေဖော်ဝါရီ ၂၁ ရက်ကလည်း သံဖြူဇရပ်မြို့နယ်၊ အနင်းရဲစခန်းကို ဒရုန်းဖြင့် ဗုံးသီး ၂ လုံးကြဲချခဲ့ရာ စခန်းတည့်တည့်သို့ ကျရောက်ခဲ့ကြောင်း သိရသည်။
“အနင်းရဲစခန်းကိုကျတော့ ကျမတို့က ညဘက်ပေါ့နော်။ သံဖြူဇရပ်မှာ ညဘက် ၈ နာရီလောက်မှ သွားပြီးတော့ ဗုံးကြဲတယ်။ ဒရုန်းအကြီးနဲ့ပေါ့နော်။ 1 Kg ဗုံးသီး ၂ လုံးနဲ့ သွားပြီးတော့ ကြဲချခဲ့တာ ဖြစ်တယ်။ ဒရုန်းဗုံးကြဲမှုက ညဘက်သူတို့အနေနဲ့ ဆောင်းဘောက်ဖွင့်ပြီး ကနေတဲ့အချိန်ကို ကျမတို့ အခွင့်ကောင်းယူပြီး သွားကြဲခဲ့တယ်။ ဒါပေမဲ့၊ ထိခိုက် သေဆုံးမှုအခြေအနေကတော့ သူတို့အနေနဲ့ တော်တော်လေး တင်းကျပ်စွာနဲ့ ပိတ်ထားတဲ့အတွက်ကြောင့် ကျမတို့ စုံစမ်းလို့မရဘူးပေါ့နော်။ ဒီအတွက်ကြောင့် စုံစမ်းနေဆဲဖြစ်တယ်”ဟု ၎င်းက ဆက်လက်ပြောသည်။
အနင်းရဲစခန်း ဗုံးကြဲခံရပြီးနောက်တွင် ယင်းရဲစခန်းမှ လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်ကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှုများကို မွန်ပြည်တော်လှန်ရေးတပ် (MSRF) ၊ ရေးပြည်သူ့ကာကွယ်ရေးတပ် (YPDF) ၊ ရေးပျောက်ကျားတပ် (YGF) ၊ KNLA တပ်ရင်း ၂၇ တပ်ခွဲ တစ် ၊ဗျူဟာ ၃၃ ဒေါနချေမှုန်းရေးတပ် ခွဲနှင့် တပင်ရွှေထီးတပ်တို့ ပူးပေါင်းဆင်နွှဲခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
စစ်သားများ သေဆုံးမှုကို MPA အနေဖြင့် သီးခြားအတည်မပြုနိုင်ပေ။
