စစ်ကော်မရှင် နိုင်ငံခြားရေးဝန်ကြီးနှင့် တရုတ်သံအမတ်တွေ့ဆုံပြီး မသူတော်အချင်းချင်း နိုင်ငံတကာ၌ ကျားကန်ပေးရန် ဆွေးနွေး

ဓာတ်ပုံ-လူမှုကွန်ရက်

စစ်ကော်မရှင် နိုင်ငံခြားရေးဝန်ကြီး ဦးသိန်းဆွေနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် မစ္စမာကျားတို့ ယမန်နေ့(ဖေဖော်ဝါရီ ၂၄ရက်)က တွေ့ဆုံခဲ့ပြီး နိုင်ငံတကာ၌ အပြန်အလှန်ထောက်ခံမှုများပြုလုပ်ရန် ဆွေးနွေးမှုပြုလုပ်ခဲ့ကြောင်း သိရသည်။

အထူးသဖြင့် ကုလသမဂ္ဂကဲ့သို့သော နေရာမျိုးတွင် မြန်မာဘက်က အကျပ်ရိုက်လာပါက တရုတ်က ကာကွယ်ပေးရန်နှင့် တရုတ်၏ အရေးပါသော မူဝါဒများကို မြန်မာက ပြန်လည်ထောက်ခံရန်ဆိုသည့် အပေးအယူ ပြုလုပ်ခြင်းဖြစ်ကြောင်း နိုင်ငံရေးလေ့လာသူများက သုံးသပ်သည်။

“ဒါဟာ ပြည်သူ့ဆန္ဒကို လုံး၀မျက်ကွယ်ပြုပြီး အာဏာသိမ်း စစ်ကော်မရှင်ကို တရုတ်က ထွက်ပေါက်ပေးဖို့ကြိုးစားတဲ့ မသူတော်ချင်း ဆွေးနွေးမှုပဲလေ၊ တရုတ်ဟာ မြန်မာသူတွေရဲ့ အသံထက် သူတို့ရဲ့ စီးပွားရေး စီမံကိန်းတွေ လုံခြု့ဖို့ကိုပဲ ရှေ့တန်းတင်နေတာ” ဟု နိုင်ငံရေးလေ့လာသူ တစ်ဦးက သုံးသပ်သည်။

အဆိုပါ တွေ့ဆုံမှု၌ နယ်စပ်ဒေသ တည်ငြိမ်ရေးနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့သည့်အပြင် နယ်စပ်တစ်လျှောက် တိုက်ပွဲများကို ထိန်းချုပ်မည့် နည်းနှင့် ကုန်သွယ်ရေးလမ်းကြောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရန် လုပ်ဆောင်မည့် ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့သည်။

“တရုတ်ပြောတဲ့ တည်ငြိမ်ရေးဆိုတာ တကယ်တော့ တော်လှန်ရေးအင်အားစုတွေကို ဖိအားပေးပြီး စစ်ကော်မရှင်ကို အသက်ဆက်ပေးဖို့ အကူအညီပေးတာမျိုး ဖြစ်လာမှာကို စိုးရိမ်မိတယ်။ တရုတ်ဟာ သူတို့ရဲ့ ကိုယ်ပိုင်ကုန်သွယ်ရေးလမ်းကြောင်းတွေ လုံခြုံဖို့အတွက် စစ်ကော်မရှင်ကို အသုံးချဖို့ ကြိုးစားနေတာပဲ” ဟု စစ်ရေးလေ့လာသူတစ်ဦးက သုံးသပ်သည်။

ထို့ပြင် အွန်လိုင်းလောင်းကစားနှင့် ကျားဖြန့် (Scam) လုပ်ငန်းများ တိုက်ဖျက်ရေးကိုလည်း စစ်ကော်မရှင်နှင့် တရုတ်သံအမတ်တို့ဆွေးနွေးမှုများပြုလုပ်ခဲ့သည်။

တက်ကြွလှုပ်ရှားတစ်ဦးက “ဒီကျားဖြန့်ဂိုဏ်းတွေရဲ့ နောက်ကွယ်မှာ စစ်ကော်မရှင်နဲ့ ပတ်သက်နေတဲ့ လက်နက်ကိုင်အဖွဲ့တွေ ရှိနေတာကို တရုတ်ကိုယ်တိုင်လည်း သိပြီးသားပါ။ အခုတွေ့ဆုံပြီး ပြောနေကြတာတွေကတော့ လူကြားကောင်းအောင် မျက်နှာပန်းလှရုံ ဟန်ပြပြောနေကြတာပဲ” ဟု မှတ်ချက်ပြုသည်။

ဆက်လက်ပြီး မြန်မာနိုင်ငံတွင် စီမံကိန်းကြီးများ ပြန်လည်စတင်ရန်နှင့် မြန်မာပြည်၏ လူမှုစီးပွားဘ၀ ပြန်လည်ကောင်းမွန်စေရန် ဟူသော ခေါင်းစဉ်အောက်၌ တရုတ်၏ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်ရန် လုပ်ဆောင်မည့်အချက်များကို စစ်ကော်မရှင်နှင့် တရုတ်သံအမတ်တို့ ဆွေးနွေးခဲ့ကြသည်။

နိုင်ငံရေးလေ့လာသူများကမူ ဤစီမံကိန်းများသည် ပြည်သူအတွက်မဟုတ်ဘဲ စစ်ကော်မရှင်အတွက် ဘဏ္ဍာငွေရလမ်းသာ ဖြစ်သွားနိုင်ကြောင်း၊ တရုတ်အနေဖြင့် လူထုသဘောထားကို မငဲ့ကွက်ဘဲ စီမံကိန်းများ ဇွတ်အတည်ပြုပါက ပိုမိုပြင်းထန်သော ဆန့်ကျင်မှုများနှင့် ကြုံတွေ့ရနိုင်သည်ဟု ဆိုသည်။

ထို့ပြင် မြန်မာပြည်တွင် ရေရှည်ငြိမ်းချမ်းရေး ရရှိရန် ကြိုးစားနေမှုအပေါ် တရုတ်ဘက်က ပံ့ပိုးပေးမည်ဖြစ်ကြောင်းနှင့် နှစ်နိုင်ငံကြား ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးကို ယခင်ထက် ပိုမိုခိုင်မာအောင် လုပ်ဆောင်သွားမည်ဟု နှစ်ဖက်စလုံးက အလေးထား ပြောဆိုခဲ့ကြသည်။

တက်ကြွလှုပ်ရှားသူများကမူ တရုတ်လိုလားသော ငြိမ်းချမ်းရေးသည် စစ်ကော်မရှင်ကို အသက်ဆက်ပေးမည့် ငြိမ်းချမ်းရေးမျိုးသာ ဖြစ်နေကြောင်း၊ စစ်မှန်သော ငြိမ်းချမ်းရေးသည် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းမှသာ ရရှိနိုင်မည် ဖြစ်သော်လည်း တရုတ်ကမူ ဤအချက်ကို ရှောင်လွှဲနေဆဲပင် ဖြစ်သည်ဟု ထောက်ပြသည်။

ဤတွေ့ဆုံမှုသည် မြန်မာ့အရေးတွင် တရုတ်၏ အခန်းကဏ္ဍ မည်မျှအထိ အရေးပါသည်ကို ထပ်မံသက်သေပြလိုက်ခြင်း ဖြစ်ကာ၊ အပေးအယူများနှင့် အကူအညီများအကြား နှစ်ဖက်စလုံးက ၎င်းတို့၏ ကိုယ်ပိုင်အကျိုးစီးပွားအတွက် နည်းလမ်းရှာဖွေနေကြသည်မှာ သိသာထင်ရှားသည်ဟု နိုင်ငံရေးလေ့လာသူတစ်ဦးက ဆိုသည်။