လူငယ်များ လမ်းမှားမလိုက်အောင်နှင့် ခရီးသွားများကို ဆွဲဆောင်နိုင်ရန် မော်လမြိုင်မြို့ပေါ်တွင် လမ်းဘေးလောင်းကစားဝိုင်းများ ဖွင့်နေခြင်းဟု မင်းအောင်လှိုင်ခန့် မွန်ပြည်နယ်ဝန်ကြီးချုပ် အောင်ကြည်သိန်းက ပြောကြားကြောင်း သိရသည်။
ဖေဖေါ်ဝါရီ၂၄ရက်က မွန်ပြည်နယ်အစိုးရအဖွဲ့ရုံးတွင် ပြုလုပ်သည့် မွန်ပြည်နယ်အတွင်း ခရီးသွား လုပ်ငန်းဖွံ့ဖြိုးရေးဆိုင်ရာ အစည်းအဝေးအပြီးတွင် အောင်ကြည်သိန်းက အထက်ပါအတိုင်း အလွတ် သဘော ပြောကြားခဲ့ကြောင်း မွန်ပြည်နယ်အုပ်ချုပ်ရေးရုံးနှင့် နီးစပ်သူတစ်ဦးထံက သိရသည်။
“မိန့်ခွန်းပြောတာတော့ မဟုတ်ဘူး။အစည်းအဝေးပြီးတော့ သူ့လူရင်းတွေကို အလွတ်သဘောပြော တာဆိုပေမဲ့ အတည်ပေါက်ပြောတာ။မော်လမြိုင်မှာ လောင်းကစားဝိုင်းဖွင့်နေတာ လိုင်းကြေးလိုချင် လို့မဟုတ်ဘူး။ခရီးသွားတွေကို ဆွဲဆောင်ဖို့။ပြီးတော့ လူငယ်တွေ လမ်းမှားမလိုက်အောင်လို့ဆိုပြီး ပြောတယ်”ဟု ၎င်းက MPAသို့ပြောသည်။
လူငယ်များ လောင်းကစားဝိုင်းတွင် စိတ်ရောက်နေခြင်းကြောင့် နိုင်ငံရေးကို စိတ်ဝင်စားမှု လျော့ပါး စေကြောင်း မော်လမြိုင်မြို့တွင် နိုင်ငံရေးနှင့်စစ်ရေးလှုပ်ရှားမှုများ မရှိသလောက်နည်းခြင်းမှာ လောင်းကစားဝိုင်း၏ အကျိုးရလဒ်ဟုလည်း အောင်ကြည်သိန်းက ပြောကြောင်း သိရသည်။
“အောင်ကြည်သိန်းက အဲဒီလို ကျပ်မပြည့်ပေမဲ့ လောင်းကစားဝိုင်းကနေ လိုင်းကြေးရနေတဲ့ သူ့တ ပည့် အုပ်ကြီးတွေကတော့ ငါတို့ဝန်ကြီးချုပ် အမြော်အမြင်ကြီးတာဆိုပြီး နောက်ကွယ်မှာ တဖွဖွချီး ကျူး နေတာ”ဟု မော်လမြိုင်မြို့ခံ လူမှုကူညီရေးသမားတစ်ဦးက ပြောသည်။
လက်ရှိတွင်မူ အတန်းတင်စာမေးပွဲများ ရှိသဖြင့် မော်လမြိုင်မြို့ပေါ်၌ လောင်းကစားဝိုင်းများကို ခေ တ္တ ပိတ်ထားသည်။
မွန်ပြည်နယ်၊မော်လမြိုင်၊ချောင်းဆုံ၊ကျိုက်မရော၊ပေါင်နှင့် သထုံမြို့နယ်တို့တွင် ဇာတ်ပွဲသွင်း၍ လောင်းကစားဝိုင်းခင်းသည့် အာဝါဒေးပွဲများ ပြုလုပ်နေပြီး အနီထောင်၊ဖဲ၊ဂလုတ်ဂလုတ်နှင့် အရုပ် လှည့်ခြင်းတို့ လောင်းကစားကြသည်။
