အမေရိကန်နှင့် စစ်ရေးအရ ထိပ်တိုက်တွေ့ဆုံမှုကို ရှောင်လွှဲနိုင်မည့် သဘောတူညီချက်တစ်ရပ်မှာ လက်တစ်ကမ်းအကွာသို့ ရောက်ရှိနေပြီဖြစ်ကြောင်း အမေရိကန်နှင့် ဂျီနီဗာမြို့တွင် ဆွေးနွေးပွဲများ ပြန်လည်မစတင်မီ နှစ်ရက်အလိုဖြစ်သည့် ဖေဖော်ဝါရီ ၂၄ ရက်နေ့တွင် အီရန်နိုင်ငံခြားရေးဝန်ကြီးက ပြောကြားသည်။
အီရန်၏ နျူကလီးယားအစီအစဉ်ကို ရပ်တန့်ရန် အမေရိကန်၏ စစ်ရေးအရ ခြိမ်းခြောက်မှုများ မြင့်တက်နေချိန်တွင် အစိုးရအပေါ် ဖိအားပေးနေသည့် ကျောင်းသားဆန္ဒပြသူများကို အီရန်အစိုးရက သတိပေးချက် ထုတ်ပြန်ခဲ့ပြီးနောက် နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အရတ်ချီ ၏ တိုက်တွန်းချက် ထွက်ပေါ်လာခြင်းဖြစ်သည်။
“နှစ်ဦးနှစ်ဖက် စိုးရိမ်ပူပန်မှုတွေကို ဖြေရှင်းပေးနိုင်ပြီး အပြန်အလှန် အကျိုးစီးပွားကို ဖော်ဆောင်ပေးနိုင်မယ့် မကြုံစဖူး သဘောတူညီချက်တစ်ခု ရရှိဖို့အတွက် ကျွန်တော်တို့မှာ သမိုင်းဝင် အခွင့်အရေးရှိနေပါတယ်” ဟု အရတ်ချီက လူမှုမီဒီယာတွင် ရေးသားခဲ့သည်။
သံတမန်ရေးရာကိုသာ ဦးစားပေးမည်ဆိုပါက သဘောတူညီချက်တစ်ခုမှာ “လက်တစ်ကမ်းအကွာ” တွင် ရှိနေကြောင်းလည်း ဝန်ကြီးက ဆက်လက်ပြောကြားခဲ့သည်။
နှစ်နိုင်ငံအကြား တတိယအကျော့ ဆွေးနွေးပွဲကို နက်ဖန် ဖေဖော်ဝါရီ ၂၆ ရက်နေ့တွင် ဂျီနီဗာ၌ ကျင်းပရန် စီစဉ်ထားသည်။
ပြီးခဲ့သည့် သီတင်းပတ်များအတွင်း ဒေသတွင်း၌ အမေရိကန်က စစ်အင်အား အလုံးအရင်းဖြင့် ချထားခဲ့သလို သဘောတူညီချက် မရရှိပါက အီရန်ကို တိုက်ခိုက်မည်ဟု သမ္မတ ဒေါ်နယ်ထရန့်က ခြိမ်းခြောက်ထားပြီးနောက်တွင် ယခုဆွေးနွေးပွဲများ ပေါ်ပေါက်လာခြင်းဖြစ်သည်။
မည်သည့် တိုက်ခိုက်မှုကိုမဆို ပြတ်ပြတ်သားသား တုံ့ပြန်မည်ဟု အီရန်က အကြိမ်ကြိမ် ပြောကြားထားပြီး၊ ဖေဖော်ဝါရီ ၂၄ ရက်နေ့တွင်လည်း နိုင်ငံခြားရေးဝန်ကြီးဌာနက အကန့်အသတ်ဖြင့် တိုက်ခိုက်ခြင်းမျိုး ဖြစ်စေကာမူ “ကျူးကျော်မှု” ဟု သတ်မှတ်မည်ဖြစ်ကြောင်း သတိပေးခဲ့သည်။
အရတ်ချီက ၎င်း၏ ရေးသားချက်တွင် အီရန်အနေဖြင့် “မည်သည့် အခြေအနေမျိုးတွင်မဆို နျူကလီးယားလက်နက် ထုတ်လုပ်မည်မဟုတ်” ဟု ကတိပြုခဲ့သော်လည်း နိုင်ငံ၏ “ငြိမ်းချမ်းသော နျူကလီးယား နည်းပညာမှ အကျိုးကျေးဇူးများကို ရယူပိုင်ခွင့်” ရှိကြောင်း အခိုင်အမာ ပြောကြားခဲ့သည်။
