အင်ဒိုနီးရှားနိုင်ငံ၏ နာမည်ကျော် အပန်းဖြေကျွန်းဖြစ်သော ဘာလီကျွန်းရှိ အချို့နေရာများတွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ခြင်းကြောင့် နိုင်ငံခြားသားခရီးသွား ဒါဇင်ပေါင်းများစွာ အပါအဝင် လူပေါင်းရာနှင့်ချီ၍ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ကြရကြောင်း ဒေသတွင်း တာဝန်ရှိသူတစ်ဦးက ဖေဖော်ဝါရီ ၂၄ ရက် တွင် ပြောကြားခဲ့သည်။
ဖေဖော်ဝါရီ ၂၃ ရက် နေ့ ညနှောင်းပိုင်းမှစတင်ကာ မိုးသည်းထန်စွာ ရွာသွန်းခဲ့ခြင်းကြောင့် ဘာလီကျွန်းရှိ ခရိုင်အများအပြားနှင့် ပြည်နယ်မြို့တော် ဒန်ပါဆာ (Denpasar) တို့တွင် ရေကြီးမှုများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသတွင်း သဘာဝဘေးအန္တရာယ် လျော့ပါးသက်သာရေးအေဂျင်စီမှ အဆင့်မြင့်အရာရှိ အိုင်ဂျီဒီ အဂူး တေဂျာ ဘူဆာနာ ယဒ်ညာ ဆိုသည်။
အဆိုပါဖြစ်စဉ်အတွင်း သေဆုံးသူမရှိကြောင်း ၎င်းက အတည်ပြုခဲ့သည်။
ရေကြီးမှုကြောင့် ဘာဒေါင်း (Badung) ခရိုင်ရှိ ကော်ဖီဆိုင်များနှင့် စက်သုံးဆီဆိုင်များကဲ့သို့သော အဆောက်အအုံများအတွင်းသို့ ရေများဝင်ရောက်ခဲ့ပြီး၊ အချို့သော ကမ္ဘာလှည့်ခရီးသွားများကို ရော်ဘာလှေများဖြင့် ကယ်ဆယ်ရွှေ့ပြောင်းပေးခဲ့ရသည်။
“ကျွန်မတို့ ဘာလီတိရစ္ဆာန်ဥယျာဉ်ကို သွားဖို့ ရောက်နေတာပါ။ ဆင်တွေကို သွားကြည့်ဖို့ ကြိုးစားခဲ့ပေမဲ့ အခုလို အခြေအနေတွေကြောင့် သွားလို့မရတော့ပါဘူး” ဟု အသက် ၂၈ နှစ်အရွယ် မက္ကဆီကိုနိုင်ငံသူ ဘရီယားနား ပါလာစီယို က AFP သတင်းဌာနသို့ ပြောကြားခဲ့သည်။
ရေဘေးသင့်ဒေသမှ နိုင်ငံခြားသားခရီးသွား ၃၀ ခန့်ကို ရွှေ့ပြောင်းပေးခဲ့ရပြီး၊ ၎င်းတို့အနက် အချို့မှာ အခြားဟိုတယ်များသို့ ပြောင်းရွှေ့ခဲ့ကြကာ အချို့မှာမူ နောက်ပိုင်းတွင် ၎င်းတို့တည်းခိုရာနေရာများသို့ ပြန်သွားခဲ့ကြသည်။
မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဖေဖော်ဝါရီ ၂၄ရက်နေ့အစောပိုင်းတွင် ဘာလီလေဆိပ်သို့ ဆင်းသက်မည့် ပြည်ပ လေယာဉ်နှစ်စီးမှာ လမ်းကြောင်းပြောင်းလဲ ပျံသန်းခဲ့ရသလို၊ အခြားလေယာဉ်သုံးစီးမှာလည်း ထွက်ခွာမည့်အချိန် နောက်ကျခဲ့ကြောင်း လေဆိပ်ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက ဗာလီကျွန်း၏ အချို့နေရာများတွင် လျှပ်တပြက်ရေကြီးမှု ဖြစ်ပွားခဲ့ခြင်းကြောင့် လူပေါင်း ၁၈ ဦးထက်မနည်း သေဆုံးခဲ့ပြီး ၄ ဦး ပျောက်ဆုံးခဲ့သည်။ ယင်းဖြစ်စဉ်သည် ဆယ်စုနှစ်တစ်ခုအတွင်း ကျွန်းပေါ်တွင် ဖြစ်ပွားခဲ့သည့် အဆိုးရွားဆုံး ရေကြီးမှုဖြစ်ကြောင်း မိုးလေဝသ၊ ဇလဗေဒနှင့် ဘူမိရူပဗေဒအေဂျင်စီက ထုတ်ပြန်ထားသည်။
