ရန်ကုန်တိုင်းအတွင်း မြို့ပြပြောက်ကျားတို့ တိုက်ခိုက်ခြင်းခံနေရသည့် မြို့နယ်၄ခုတို့တွင် ညအချိန် ကင်းပုန်းများ တိုးမြှင့်ချထားကြောင်း သိရသည်။
မြို့ပြပြောက်ကျားတို့ မကြာခဏ တိုက်ခိုက်ခြင်းခံနေရသော မြောက်ဥက္ကလာမြို့နယ်(ရွှေပေါက်ကံ)၊ မင်္ဂလာဒုံ၊လှည်းကူးနှင့်မှော်ဘီမြို့နယ်တို့အတွင်း အိမ်ခြေပြတ်သည့်နေရာတို့၌ ညဘက် ကင်းပုန်း ချနေကြောင်း ရန်ကုန်မြို့ရဲသတင်းရင်းမြစ်ထံက သိရသည်။
“ဒီလထဲမှာ မြောက်ဥက္ကလာ ဟိုဘက်တစ်ကြော အတွယ်ခံရတာတွေ များလာလို့ ထင်တယ်။လုံခြုံ ရေးတိုးမြှင့်ဖို့၊ ညဘက် ကင်းပုန်းတိုးချဖို့ပေါ့။ကင်းပုန်းကတော့ ပျူတွေ လုပ်ရတယ်ထင်တယ်။ရဲတွေ ကတော့ ပတ်ကင်းလှည့်တယ်”ဟု၎င်းက MPAသို့ပြောသည်။
ဖေဖေါ်ဝါရီ၂၄ရက်ညက လှိုင်သာယာမြို့နယ်၊ သောင်ကြီးရဲစခန်းမှ ထွက်လာသော ကင်းလှည့်ကား ကို မိုင်းခွဲတိုက်ခိုက်ခဲ့သလို ဖေဖေါ်ဝါရီ ၂၃ ရက်က မင်္ဂလာဒုံခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ထွက်လာသော ကင်းလှည့်ကား မိုင်းခွဲတိုက်ခိုက် ခံရကြောင်း ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့များက ထုတ်ပြန်ထား သည်။
“မကြာသေးဘူး။လှည်းကူးမှာ လယ်ကွင်းထဲမှာ ပစ်ဖို့ချိန်ထားတဲ့ ရှော့တိုက်ဒုံးတွေကို စစ်တပ်က တွေ့သွားတယ်။အဲကတည်းက ရှော့ခ်ဖြစ်နေကြတယ်။အဲဒါကြောင့် မြောက်ဥက္ကလာ၊မင်္ဂလာဒုံဘက် ခြမ်းက အတိုက်ခံနေရတဲ့မြို့တွေကို လုံခြုံရေးတိုးခိုင်းနေတာ”ဟု ၎င်းက ဆက်လက်ပြောသည်။
ဖေဖေါ်ဝါရီ၂၁ရက်က လှည်းကူးမြို့နယ်၊ဆင်ဖုန်(မြောက်)ရွာအနီးရှိ လယ်ကွင်းထဲတွင် ပစ်ခတ်ရန် အသင့်ပြင်ထားသည့် ရှော့တိုက်ဒုံး၆လုံးကို စစ်တပ်က သိမ်းဆည်းမိခဲ့ကြောင်း စစ်အုပ်စုလော်ဘီချန် နယ်များက ထုတ်ပြန်ထားသည်။
ညဘက်ကင်းလှည့်သည့်ကားများသည် ကင်းလှည့်ရင်း ပေါ်တာဆွဲ ငွေညှစ်နေသဖြင့် သတိပြုကြရန် လည်း ၎င်းက ဆိုသည်။
ဖေဖေါ်ဝါရီ၁၅ရက်နှင့်၁၁ရက်က မင်္ဂလာဒုံရဲစခန်းနှင့် ရွှေပေါက်ကံနယ်မြေရဲစခန်းတို့ကို မြို့ပြပြောက် ကျားတို့က ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပြီး ဖေဖေါ်ဝါရီ၁၀ရက်တွင် မှော်ဘီမြို့မရဲစခန်းမှ အိမ်စီးကား ဖြင့် ထွက်လာသော စစ်အုပ်စုဝင်တို့ တိုက်ခိုက်ခံရသေးကြောင်း မြို့ပြပြောက်ကျားတပ်ဖွဲ့များက ထုတ်ပြန်ထားကြသည်။
ယခုလအတွင်း တိုက်ပွဲဝင် မြို့ပြပြောက်ကျားများ ဖမ်းဆီးခံရသည်ဟု မကြားမိကြောင်းလည်း ၎င်းက ဆိုသည်။
