ထိုင်းစစ်တပ်က အမေရိကန်မှ Stryker သံချပ်ကာယာဉ် ၁၇ စီး ထပ်မံရရှိမည်

ဓာတ်ပုံ - U.S. Army
ပုံစာ - ၂၀၁၉ ခုနှစ်တွင် ထိုင်းနိုင်ငံက အမေရိကန်က ပထမဆုံးအကြိမ်ရရှိခဲ့သည့် Stryker သံချပ်ကာယာဉ်များအနက်မှ တစ်စီးကို နှစ်နိုင်ငံတာဝန်ရှိသူများ ကြည့်ရှုနေစဉ်။

အမေရိကန်စစ်တပ်၏ ပိုလျှံနေသော ကာကွယ်ရေးပစ္စည်းများ လွှဲပြောင်းပေးသည့် အစီအစဉ် (Excess Defense Articles – EDA) အရ ထိုင်းစစ်တပ်က Stryker ဘီးတပ်သံချပ်ကာယာဉ် ၁၇ စီးကို ထပ်မံရရှိမည်ဖြစ်ပြီး၊ မကြာမီပြုလုပ်မည့် ပူးတွဲစစ်ရေးလေ့ကျင့်မှုအတွင်း တရားဝင်လွှဲပြောင်းပေးအပ်ရန် စီစဉ်ထားကြောင်း အဆင့်မြင့်စစ်ဘက်ခေါင်းဆောင်များ တွေ့ဆုံမှုအပြီးတွင် ထိုင်းတော်ဝင်စစ်တပ်က ဖေဖော်ဝါရီ ၂၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။

အဆိုပါယာဉ်များကို ထိုင်းကဝယ်ယူခြင်းမျိုးမဟုတ်ဘဲ အမေရိကန်၏ လုံခြုံရေးဆိုင်ရာ အကူအညီပေးရေး အစိတ်အပိုင်းတစ်ခုအဖြစ် လွှဲပြောင်းပေးခြင်းဖြစ်သည်။

EDA မူဘောင်အရ လက်နက်ခဲယမ်းပစ္စည်းများကို များသောအားဖြင့် အခမဲ့ သို့မဟုတ် လျှော့စျေးဖြင့် ပေးအပ်လေ့ရှိပြီး လက်ခံရရှိသည့်နိုင်ငံက သယ်ယူပို့ဆောင်ရေး၊ ပြုပြင်မွမ်းမံရေး၊ အဆင့်မြှင့်တင်ရေး၊ သင်တန်းပေးခြင်းနှင့် ထိန်းသိမ်းပြုပြင်ခြင်းဆိုင်ရာ ကုန်ကျစရိတ်များကို ကျခံရမည်ဖြစ်သည်။

ထိုင်းနိုင်ငံသည် ယခင်ကလည်း Stryker တပ်ရင်းတစ်ခု ဖွဲ့စည်းရန်အတွက် အဆိုပါအစီအစဉ်မှတစ်ဆင့် Stryker သံချပ်ကာယာဉ် ဒါဇင်ပေါင်းများစွာကို လက်ခံရရှိခဲ့ဖူးပြီး ခေတ်မီအောင်ပြုပြင်ခြင်း၊ ဆက်သွယ်ရေးစနစ်များနှင့် ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာများအတွက် ပြည်တွင်းဘတ်ဂျက်မှ ထပ်မံချထားပေးခဲ့သည်။

ယခုနောက်ဆုံးရရှိမည့် သံချပ်ကာယာဉ်များမှ ထိုင်းစစ်တပ်၏ ဘီးတပ်သံချပ်ကာတပ်ဖွဲ့များကို ပိုမိုတိုးတက်လာစေရန်နှင့် စစ်ဆင်ရေးစွမ်းဆောင်ရည်ကို မြှင့်တင်ရန် ရည်ရွယ်ခြင်းဖြစ်သည်။

ထိုင်းကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ပါနာ ကလောင်ပလော့ထုသည် အမေရိကန်စစ်တပ်၏ ပထမတပ်မကြီး (I Corps) တပ်မှူး ဒုတိယဗိုလ်ချုပ်ကြီး မက်သရူး မက်ဖာလန်းအား ဖေဖော်ဝါရီ ၂၃ ရက်က လက်ခံတွေ့ဆုံခဲ့ပြီး ပူးတွဲစစ်ရေးလေ့ကျင့်မှုများအပါအဝင် ပိုမိုကျယ်ပြန့်သော ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုများကို ဆွေးနွေးခဲ့သည်။

အမေရိကန်နိုင်ငံအနေဖြင့် နည်းပညာ၊ ထိန်းသိမ်းပြုပြင်ရေးနှင့် စစ်ဗျူဟာပိုင်းဆိုင်ရာ သင်တန်းများ ဆက်လက်ပေးနိုင်ရန်အတွက် Stryker Brigade Combat Team တစ်ဖွဲ့ကိုလည်း စေလွှတ်သွားဖွယ်ရှိသည်။