စစ်တပ်က အရပ်သားများကို ဗုံးကြဲသတ်ဖြတ်ပြီး AA များဟု သတင်းအမှားဖြန့်

စစ်တပ်ဗုံးကြဲမှုကြောင့် အေအေ တပ်ဖွဲ့ဝင် အများအပြား သေဆုံးဟုဆိုသော အကြောင်းအရာ စစ်ကော်မရှင် ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့လျက်ရှိသည်။

“နေပြည်တော်” တယ်လီဂရမ်ချန်နယ်က ဖေဖော်ဝါရီ ၂၄ ရက် နံနက် ၁၀ နာရီ ၅ မိနစ်တွင် AA များမှာ မြေ ပေါ်တွင် မနေရဲဘဲ မြေကျင်းထဲတွင်သာ နေထိုင်နေရတော့ကြောင်း၊ မြေပြင်ပေါ်တက်လျှင် စစ်တပ်၏ လေ ကြောင်းတိုက်ခိုက်မှုများကြောင့် သေဆုံးနေရကြောင်း၊ ယခုတွင်လည်း စစ်တပ် ဗုံးကြဲမှုကြောင့် သေဆုံး စာရင်းများ တက်လာနေကြောင်း သေဆုံးအရပ်သားများ၏ ဓာတ်ပုံများနှင့်တကွ ဖြန့်ဝေနေခြင်းဖြစ်သည်။

မူရင်းသတင်းအမှားလင်ခ့် >>> https://archive.ph/KIo3N

“Mt News- Myanmar Transparency” တယ်လီဂရမ်ချန်နယ်က ဖေဖော်ဝါရီ ၂၄ ရက် ည၇နာရီခန့်တွင် AA တပ်ဖွဲ့ဝင်များ အခြေစိုက်ထားသည့် ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးငူကျေးရွာဈေးအား စစ်တပ်က လေကြောင်းဗုံးကြဲ ခဲ့ရာ ၁၇ ဦးသေဆုံးပြီး ၁၄ ဦး ဒဏ်ရာရခဲ့ကြောင်း၊ ထိခိုက်သေဆုံးသူများမှာ အရပ်သားများမဟုတ်ဘဲ AA တပ်ဖွဲ့ဝင်များသာ ဖြစ်ကြောင်း ရေးသားဖြန့်ဝေထားသည်။

မူရင်းသတင်းအမှားလင့်ခ် >>> https://archive.ph/niSts

အဆိုပါအကြောင်းအရာများကို အခြား စစ်ကော်မရှင်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များကပါ ကူးယူဖော်ပြခဲ့ကြ သဖြင့် ပျံ့နှံ့မှုများခဲ့သည်။

သတင်းအမှားလင့်ခ်များ >>>
Snow Queen – https://archive.ph/LAONL
Truth Media – https://archive.ph/3M2kD

အထက်တွင် ပျံ့နှံ့နေသော အကြောင်းအရာများနှင့် ပတ်သက်၍ Myanmar Fact-Checking Network ၏ အဖွဲ့ဝင်ဖြစ်သော Mpa က အချက်အလက် စစ်ဆေးကြည့်ရာ သတင်းအမှားဖြစ်ကြောင်း တွေ့ရှိရသည်။

သတင်းစိစစ်ချက်

ပျံ့နှံ့နေသော ဓာတ်ပုံများကို Google Lens ဖြင့် ရှာဖွေကြည့်ရာ “ Border News Agency” က ဖော်ပြထား သော ဓာတ်ပုံနှင့် ထပ်တူညီနေသည်။

Border News Agency တွင် ဖေဖော်ဝါရီ ၂၄ ရက် နေ့လည်ပိုင်းက အာရက္ခတပ်တော် AA ထိန်းချုပ်ထားသည့် ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးငူရွာရှိ ဈေးနှင့် စာသင်ကျောင်းအနီးကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ ကြောင်း၊ ဗုံးဒဏ်ကြောင့် ကလေးငယ်များအပါအဝင် အပြစ်မဲ့ ပြည်သူ ၁၀ဦးကျော် သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရခဲ့ကြောင်း ဖော်ပြထားသည်။

အပြည့်အစုံဖတ်ရန် >>> https://bitly.cx/dJM9

ထပ်မံအတည်ပြုနိုင်ရန် Google တွင် “ယိုးငူရွာ လေကြောင်းဗုံးကြဲခံရ” ဆိုသည့် စကားလုံးဖြင့် ရှာဖွေကြည့်ရာ “DVB, Myanmar Now, Western News” အပါအဝင် အခြား မီဒီယာများက သတင်းရေးထားသည်။

သတင်းမီဒီယာများတွင် ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြိုနယ်၊ ယိုးငူကျေးရွာရှိ ဈေးကို ဖေဖော်ဝါရီ ၂၄ ရက်နေ့ လည် ၂ နာရီ ဝန်းကျင်တွင် စစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့ကြောင်း၊ တိုက်ခိုက်မှုကြောင့် ကလေး လေး ယောက်အပါအဝင် အရပ်သား ၁၇ ဦး သေဆုံးခဲ့ပြီး ၁၅ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း၊ ထိခိုက်သေဆုံးသူများ ထဲတွင် ကလေးငယ်နှင့် အမျိုးသမီးများကြောင်း၊ ယိုးငူကျေးရွာမှာ စစ်ဘေးရှောင်အများအပြား ခိုလှုံနေသည့် ရွာဖြစ်ကြောင်း၊ သေဆုံးသူများထဲတွင် စစ်ရှောင်များလည်း ပါဝင်ကြောင်း ရေးသားထားသည်။

အပြည့်အစုံဖတ်ရန် >>>
DVB – https://bitly.cx/h0ZR
Myanmar Now – https://bitly.cx/8jIA
Western News – https://bitly.cx/EzsL

အာရက္ခတပ်တော် AA ကလည်း ယိုးငူကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန် ထားသည်။

ထုတ်ပြန်ချက်ထဲတွင် ဖေဖော်ဝါရီ ၂၄ ရက် နေ့လည် ၂ နာရီ ၇ မိနစ်တွင် အာရက္ခဒေသ၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးငူကျေးရွာရှိ ဈေးတန်းအား စစ်တပ်က ဂျက်ဖိုက်တာတစ်စီးဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ခိုက်မှုကြောင့် ကလေးငယ်များအပါအဝင် အရပ်သား စုစုပေါင်း ၁၇ ဦး သေဆုံးခဲ့ပြီး ၁၄ ဦး ထိခိုက်ဒဏ်ရာ ရခဲ့ကြောင်း၊ လူနေအိမ်နှင့် ဈေးဆိုင်ခန်းအချို့လည်း မီးလောင်ပျက်စီးခဲ့ကြောင်း ဖော်ပြထားသည်။

အပြည့်အစုံကြည့်ရန် >>> https://bitly.cx/FjFO

သုံးသပ်ချက်

သတင်းမီဒီယာများနှင့် အာရက္ခတပ်တော် AA ၏ ထုတ်ပြန်ချက်အရ ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးငူရွာရှိ ဈေးအား စစ်တပ်က လေကြောင်းကနေဗုံးကြဲခဲ့တာကြောင့် ကလေးငယ်များအပါအဝင် အရပ်သား ၁၇ ဦး သေဆုံးပြီး ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဖော်ပြထားသည်။

ထို့ကြောင့် စစ်တပ်လော်ဘီတယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့နေသော “ စစ်တပ်ဗုံးကြဲမှုကြောင့် AA တပ်ဖွဲ့ဝင်များ သေဆုံး” ဆိုသည့် အကြောင်းအရာသည် သတင်းအမှားဖြစ်သည်။

ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှုသင့်သည်။