ထိုင်းနိုင်ငံ အရှေ့ဘက်ကမ်းရိုးတန်းရှိ ချွန်ဘူရီခရိုင်တွင် အွန်လိုင်းငွေဂိုဏ်းတစ်ခုတွင် လုပ်ကိုင်ပေးနေပြီး အဆိုပါဂိုဏ်းအတွက် ခရိုင်၌ ငွေသားများ ထုတ်ယူပေးနေသည်ဟူသော သံသယဖြင့် ရုရှားအမျိုးသားတစ်ဦးနှင့် ထိုင်းအမျိုးသမီးတစ်ဦးကို ရဲများက ဖမ်းဆီးခဲ့သည်။
အသက် ၃၅ နှစ်အရွယ် ရုရှားအမျိုးသားဆာဂေးခါနှင့် အသက် ၂၀ အရွယ် ထိုင်းအမျိုးသမီး ဆာစီဝီမွန်တို့ကို ချွန်ဘူရီခရိုင်တရားရုံးက ဖေဖော်ဝါရီ ၂၃ ရက်တွင် ထုတ်ပြန်ခဲ့သည့် ဖမ်းဝရမ်းများဖြင့် နောက်တစ်ရက်တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ချွန်ဘူရီရဲတပ်ဖွဲ့က ပြောကြားသည်။
ကွန်ပျူတာစနစ်အတွင်းသို့ သတင်းအချက်အလက်အမှားများ ထည့်သွင်းခြင်း၊ ပြည်သူလူထုကို လိမ်လည်လှည့်ဖြားခြင်းနှင့် မိမိတို့၏ ဘဏ်အကောင့်များကို အခြားသူများအား အသုံးပြုခွင့်ပေးခြင်း စသည့်စွဲချက်များဖြင့် ၎င်းတို့နှစ်ဦးစလုံးကို အရေးယူထားသည်။
ရုရှားအမျိုးသားကို ချွန်ဘူရီခရိုင်၊ ဘန်လာမန် မြို့နယ်အတွင်းရှိ ကွန်ဒိုမီနီယံတစ်ခုတွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ဆာစီဝီမွန်ကိုမူ ချွန်ဘူရီခရိုင်၊ ဆတ်တဟစ် မြို့နယ်အတွင်း ရှေးဟောင်းအနှိပ်ခန်းတစ်ခုတွင် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
ရဲတပ်ဖွဲ့သည် သံသယရှိသူနှစ်ဦးထံမှ ATM ကိုးကဒ်၊ လက်ကိုင်ဖုန်း သုံးလုံးနှင့် လပ်တော့ပ် ကွန်ပျူတာတစ်လုံးတို့ကို သိမ်းဆည်းခဲ့သည်။
ရဲတပ်ဖွဲ့၏ ပြောကြားချက်အရ သံသယရှိသူများသည် သတင်းအချက်အလက်အမှားများကို အသုံးပြု၍ လိမ်လည်ခံရမည့်သူများကို စည်းရုံးပေးသည့် Mule accounts များအတွင်းသို့ ငွေများလွှဲပြောင်းပေးရန် ပြောဆိုကြရသည်ဟု ဆိုသည်။
ထို့နောက် ၎င်းတို့နှစ်ဦးသည် ချွန်ဘူရီရှိ ကမ္ဘာလှည့်ခရီးသွားများ လည်ပတ်ရာနေရာများတွင် အဆိုပါ ATM ကတ်များကို အသုံးပြု၍ ငွေသားများ ထုတ်ယူခဲ့ကြခြင်း ဖြစ်သည်။
၎င်းတို့နှစ်ဦးသည် ဘတ်တစ်သန်းကျော်ကို လိမ်လည်ခဲ့ကြောင်း ရဲတပ်ဖွဲ့က စွပ်စွဲထားသည်။
