အာဏာမက်တာ ဘယ်သူလဲ

နိုင်ငံတွင်း ဖြစ်ပွားနေတဲ့ စစ်ဘေးဒုက္ခတွေနဲ့ ပြည်သူတွေ ရင်ဆိုင်နေရတဲ့ ဆင်းရဲမွဲတေမှုတွေဟာ အာဏာမက်သူတွေကြောင့် ဖြစ်နေတာလို့ အာဏာရှင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောပါတယ်။

(၇၈) နှစ်မြောက် ချင်းအမျိုးသားနေ့ သဝဏ်လွှာထဲမှာ အခုလို ပြောခဲ့တာပါ။ အရပ်သားအစိုးရလက်ထဲကနေ နိုင်ငံကို အာဏာသိမ်းခဲ့ပြီး လက်ရှိမှာ အုပ်ချုပ်ရေးရဲ့ အဓိက ရာထူးကြီးတွေကို အဓမ္မရယူထားသူဖြစ်တဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အတိုက်အခံအင်အားစုတွေကို အာဏာမက်သူတွေလို့ သုံးနှုန်းတဲ့အပေါ် ဝေဖန်သံတွေ ညံခဲ့ပြီး သူ့ကို ဟာသလုပ်သူတွေလည်း ရှိခဲ့ပါတယ်။

နိုင်ငံ့အချုပ်အခြာအာဏာကို လက်နက်အားကိုးနဲ့ အတင်းအဓမ္မသိမ်းယူခဲ့တဲ့ မင်းအောင်လှိုင်ဟာ တိုင်းပြည် မငြိမ်မသက်မှုရဲ့ အဓိကတရားခံပဲ ဖြစ်ပါတယ်။

ဒါပေမဲ့ သူဟာ သူ့ရဲ့ အကြွင်းမဲ့အာဏာရှင်သရုပ်ကို နည်းလမ်းပေါင်းစုံနဲ့ ကာကွယ်ခဲ့ပါတယ်။ သူ့အပြစ်တွေကို ဖုံးကွယ်ဖို့အတွက် တိုင်းပြည်ရဲ့ လက်ရှိအခြေအနေတွေနဲ့ ပတ်သက်ပြီး အတိုက်အခံအင်အားစုတွေ ဘက်ကိုသာ အပြစ်တင်ရိုးမယ်ဖွဲ့လေ့ ရှိပါတယ်။

ဆူပူအကြမ်းဖက်မှုများကို သူကပဲ ထိန်းကျောင်းတည့်မတ်ပေးနေရသလို သရုပ်ဆောင်လေ့ ရှိပါတယ်။

မည်သို့ပင် ဖုံးကွယ်လိမ်ညာနေပါစေ သူ့ရဲ့ အာဏာရှင်ခြေရာကောက်ကြောင်းကတော့ သမိုင်းမှာ ထင်ထင်ရှားရှား ရှိနေပြီဖြစ်ပါတယ်။

” အာဏာရှင်ခရီးအစ “

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ၂၀၀၈ အခြေခံဥပဒေနဲ့ ဆန့်ကျင်ပြီး စစ်တပ်က အာဏာသိမ်းခဲ့ပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲမှာ မဲလိမ်မဲခိုးတယ်ဆိုတဲ့ လိမ်ဆင်တစ်ခုကို တည်ဆောက်ပြီး စစ်အာဏာသိမ်းမှု ပြုလုပ်ခဲ့တယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့် နဲ့ NLD အစိုးရ ဝန်ကြီးတွေကို လက်နက်အားကိုးနဲ့ ဖမ်းဆီးချုပ်နှောင်ခဲ့တယ်။

စစ်တပ်က ခန့်အပ်ထားတဲ့ ဒုသမ္မတ ဦးမြင့်ဆွေကို ယာယီသမ္မတ အဖြစ် တင်မြှောက်ခဲ့တယ်။

ဦးမြင့်ဆွေက စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်တွေ ပါဝင်တဲ့ နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (NDSC) အစည်းအဝေးကို ခေါ်ယူခဲ့ပြီး နိုင်ငံကို အရေးပေါ်အခြေအနေ ကြေညာခဲ့ပါတယ်။ ကောင်စီဥက္ကဋ္ဌ နေရာကို မင်းအောင်လှိုင်က ယူခဲ့ပြီး ဥပဒေပြုရေး၊ အုပ်ချုပ်ရေး နဲ့ တရားစီရင်ရေး အာဏာသုံးရပ်ကို ကာကွယ်ရေးဦးစီးချုပ်ဖြစ်တဲ့ မင်းအောင်လှိုင်ဆီ လွှဲပြောင်းပေးခဲ့ပါတယ်။ ကောင်စီကို နောက်တော့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဆိုပြီး နာမည်ပြောင်းလဲခဲ့ပါတယ်။ ဥက္ကဋ္ဌ နေရာကိုတော့ မင်းအောင်လှိုင် ယူထားဆဲပါပဲ။

အဲဒီကစလို့ အရေးပေါ်အခြေအနေကို ခြောက်လတစ်ကြိမ် သက်တမ်းတိုးခဲ့ပြီး မင်းအောင်လှိုင်ကလည်း ရာထူးတွေ တစ်ခုပြီးတစ်ခုကို ကိုယ့်ဘာသာကိုယ်ပေးပြီး ရယူခဲ့ပါတယ်။

အာဏာသိမ်းပြီး ခြောက်လအကြာ ၂၀၂၁ ဩဂုတ် ၁ ရက်နေ့မှာ သူ့ကိုယ်သူ ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခဲ့ပြန်တယ်။

၂၀၂၄ ဇူလိုင် ၃၁ ရက်မှာ ယာယီသမ္မတ ဦးမြင့်ဆွေ ကျန်းမာရေးမကောင်းဘူးလို့ဆိုပြီး ယာယီသမ္မတ တာဝန်ကို ထပ်ယူခဲ့တယ်။

ဒါဟာ မြန်မာနိုင်ငံရဲ့ စစ်အာဏာရှင် သမိုင်းတစ်လျှောက်မှာ တစ်ဦးတည်းကနေ ရာထူးအများဆုံး ယူထားသူ ဖြစ်လာပါတယ်။ နိုင်ငံရဲ့ အရေးကြီးတဲ့ ထိပ်ပိုင်းရာထူးအာဏာတွေကို သူတစ်ဦးတည်းက ချုပ်ကိုင်ခဲ့ပြီး ပြဿနာအားလုံးကိုလည်း စစ်ရေးအရသာ ဖြေရှင်းခဲ့တဲ့ သမိုင်းတရားခံလည်း ဖြစ်ပါတယ်။

ကာကွယ်ရေးဦးစီးချုပ်က စလို့ ယာယီသမ္မတ အဆုံး ရာထူးအကုန်ယူတဲ့ မင်းအောင်လှိုင်ရဲ့ အာဏာသိမ်း ကာလအတွင်းမှာ အပြစ်မဲ့ပြည်သူ နှစ်သောင်းခွဲကျော် သေဆုံးခဲ့ပြီး၊ နေရပ်စွန့်ခွာ ထွက်ပြေးရသူ ၃ ဒသမ ၆ သန်းကျော် ရှိတယ်လို့ အရပ်ဘက်နဲ့ နိုင်ငံတကာ စစ်တမ်းတွေက ဖော်ပြကြတယ်။ စိတ်ထိခိုက်ကြေကွဲစရာကောင်းတာက သေဆုံးသူတွေထဲမှာ အမျိုးသမီးနဲ့ ကလေးငယ် တစ်သောင်းကျော် ပါဝင်နေတယ်။ ဒါဟာ အာဏာကို အကြွင်းမဲ့ချုပ်ကိုင်ပြီး အကြမ်းဖက်နည်းလမ်းနဲ့ အုပ်ချုပ်ခဲ့တယ်ဆိုတဲ့ သမိုင်း သက်သေပါပဲ…

မင်းအောင်လှိုင် လက်ထက်အတွင်း အပြစ်မဲ့ပြည်သူတွေ သေဆုံးသလို စစ်တပ်အတွင်းက စစ်သားသေဆုံးမှုတွေကလည်း မနည်းမနော ရှိခဲ့ပါတယ်။ စစ်အစိုးရအဆက်ဆက် စစ်တပ်ရဲ့အင်အားပြုန်းတီးမှုဟာ အဆိုးရွားဆုံး အခြေအနေ ဖြစ်ခဲ့ပါတယ်။

ဒီပြဿနာကို ဖြေရှင်းဖို့အတွက် မင်းအောင်လှိုင်ဟာ ၂၀၂၄ ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ စစ်မှုထမ်းဥပဒေကို ပြဋ္ဌာန်းခဲ့ပါတယ်။ ဒါဟာ စိတ်ရှိတိုင်း လိုသလိုစီမံလို့ရတယ်ဆိုတဲ့ အာဏာကို တည်ဆောက်ပြလိုက်တာ ဖြစ်ပါတယ်။ စစ်မှုထမ်းဥပဒေကြောင့် နေရပ်စွန့်ခွာသူ လူငယ်တွေ အများအပြားရှိခဲ့ပြီး ပေါ်တာဆွဲဖမ်းဆီးခံရတာတွေလည်း ရှိလာခဲ့ပါပြီ။

နိုင်ငံရဲ့ အကောင်းဆုံး လူငယ်သယံဇာတဟာ မင်းအောင်လှိုင်လက်ထက်မှာ ပျက်စီးကြေကွဲနေပါပြီ။

တိုင်းပြည်အခြေအနေ ဘယ်လိုပဲ ဖြစ်နေပါစေ၊ နိုင်ငံတွင်းမှာ အပြစ်မဲ့ပြည်သူတွေ ဘယ်လောက်သေဆုံးနေပါစေ၊ စစ်ဘေးရှောင်ပြည်သူတွေ ဒုက္ခဘယ်လောက် ရောက်နေပါစေ မင်းအောင်လှိုင်ဟာ သူ့ရဲ့ အာဏာတည်မြဲရေးအတွက်ကိုပဲ ကြည့်တဲ့သူ ဖြစ်ပါတယ်။ အာဏာအကုန်လုံးကို သူတစ်ဦးတည်း ချုပ်ကိုင်ထားပုံကို ကြည့်တာနဲ့တင် သူ့ရဲ့ အာဏာယစ်မူးမှုကို အတိုင်းသား မြင်တွေ့နေရတယ်။

” ဘွဲ့ကြိုက်မောင် “

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ရာထူးအာဏာ ယစ်မူးတာတင် မကပါဘူး။ ဘွဲ့ထူးဂုဏ်ထူးလည်း အလွန်မက်ပါတယ်။ သူ့ကိုယ်သူ ရာထူးတွေလည်း ပေးသလို ဘွဲ့တွေလည်း မကြာခဏ ပေးသေးတယ်။ သူနဲ့ ပုလင်းတူ ဗူးဆို့ နိုင်ငံတွေက ပေးထားတဲ့ ဘွဲ့အပြင် သူ့ကိုယ်သူ ပေးထားတဲ့ ဘွဲ့ပေါင်း ၁၂ ခုလောက်ရှိပါတယ်။ ဒါဟာ စစ်အာဏာရှင်တွေထဲ ဘွဲ့အများဆုံးရှိသူ ဖြစ်လာပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၅ ရက်ကလည်း မင်းအောင်လှိုင်ဟာ သူခန့်ထားတဲ့ ပညာရေးဝန်ကြီးက ပေးတဲ့ ပါရဂူဘွဲ့ကို ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်မှာ တက်ယူခဲ့ပါသေးတယ်။

နိုင်ငံရေး အပြောင်းအလဲ ဖြစ်စဉ်မှာ ကြုံတွေ့ခဲ့ရတဲ့ စိန်ခေါ်မှု အခက်အခဲတွေကို ဦးဆောင်ဦးရွက်ပြုပြီး စနစ်တကျ စီမံခန့်ခွဲ ဖြေရှင်းနိုင်ခဲ့တဲ့အတွက် ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ ပေးအပ်ခဲ့တာလို့ ဆိုပါတယ်။ အဲဒီဘွဲ့ကို ပေးသူကတော့ စစ်ခေါင်းဆောင်ခန့်အပ်ထားတဲ့ ပညာရေးဝန်ကြီး ဒေါက်တာချောချောစိန်ပဲ ဖြစ်ပါတယ်။

စစ်ခေါင်းဆောင်ဟာ ဒီမတိုင်ခင်ကလည်း သူ့ကိုယ်သူ နိုင်ငံတော်အဆင့် ဘွဲ့နှစ်ခု ပေးခဲ့ပါသေးတယ်။ ၂၀၂၂ ဧပြီလမှာ သူ့ကိုယ်သူ သတိုးသီရိသုဓမ္မဘွဲ့ နဲ့ သတိုးမဟာသရေစည်သူဘွဲ့ ကို ပေးခဲ့တယ်။ ဒီဘွဲ့တွေဟာ တိုင်းပြည်အတွက် အထူးအကျိုးဆောင်ပေးတဲ့သူတွေကိုသာ ပေးအပ်တဲ့ ဘွဲ့တွေပါ။

ဒါတွေကို ကြည့်ခြင်းအားဖြင့် စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ သူ့အနေနဲ့ ဘယ်လိုမှ ရယူနိုင်စရာမရှိတဲ့ ဘွဲ့ထူးတွေကို အာဏာရှိတုန်း အရယူထားသလို ဖြစ်နေပါတယ်။

လက်ရှိအခင်းအကျင်းနဲ့ ကြည့်မယ်ဆိုရင် စစ်ခေါင်းဆောင် အရယူထားတဲ့ ဂုဏ်ထူးဆောင်ဘွဲ့တွေဟာ သူနဲ့ ဘယ်လိုမှ လိုက်ဖက်ညီမှုမရှိပါဘူး။ နိုင်ငံကို ဦးဆောင်ဦးရွက်ပြုတယ်ဆိုတဲ့ အင်္ဂါရပ်နဲ့ ညီတာဆိုလို့ ဘာတစ်ခုမှ ရှိမနေခဲ့ပါဘူး။ နိုင်ငံကို အဘက်ဘက်က ချွတ်ခြုံကျအောင် လုပ်ခဲ့သူ၊ အပြစ်မဲ့ ပြည်သူတွေကို လေကြောင်းတိုက်ခိုက်မှုတွေ၊ ပြည်သူနေထိုင်ရာ ရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်ပြီး မီးရှို့တာတွေ၊ အကြမ်းဖက်သတ်ဖြတ်မှုတွေအတွက် တာဝန်အရှိဆုံးဖြစ်တဲ့သူက ဒီလို ဂုဏ်ထူးဆောင်ဘွဲ့တွေကို လက်ခံယူရဲတာဟာ တော်ရုံအရှက်မဲ့ရုံလောက်နဲ့ မဖြစ်နိုင်ပါဘူး။

” နောက်ထပ်အာဏာခြေလှမ်း “

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ရာထူးတွေ၊ ဘွဲ့ထူးတွေကို စိတ်ကြိုက်ရယူထားပေမဲ့ လုံလောက်ပြီလို့ မတွေးပြန်ဘူး။

အာဏာသိမ်းမှုကို တရားဝင်ဖြစ်စေဖို့ ရည်ရွယ်ပြီး ပြည်သူ့သဘောဆန္ဒမပါဘဲ အတုအယောင်ရွေးကောက်ပွဲကို လုပ်ပြီး အာဏာစက်ဝန်းကို ချဲ့ထွင်ဖို့ ကြိုးပမ်းခဲ့ပြန်တယ်။

ကမ္ဘာ့သမိုင်းမှာရော မြန်မာ့သမိုင်းမှာပါ မရှိခဲ့ဖူးသေးတဲ့ သုံးပိုင်းခွဲ ရွေးကောက်ပွဲကို လုပ်တယ်။

၂၀၂၅ ဒီဇင်ဘာ ၂၈ ရက်၊ ၂၀၂၆ ဇန်နဝါရီ ၁၁ ရက် နဲ့ ၂၅ ရက်တွေမှာ ရွေးကောက်ပွဲ သုံးကြိမ်ခွဲပြီး လုပ်တယ်။ လွတ်လပ်မျှတ တဲ့ ရွေးကောက်ပွဲလို့ အသံကောင်းဟစ်ခဲ့ပေမဲ့ တစ်ဖက်မှာတော့ ရွေးကောက်ပွဲ ဆန့်ကျင်သူများကို ပြင်းပြင်းထန်ထန် ဖိနှိပ် ဖမ်းဆီးမှုတွေ လုပ်ပြီး ထောင်ဒဏ် နှစ်ရှည်ချပစ်တယ်။

အခုဆိုရင် ပြည်သူ့ဆန္ဒမပါတဲ့ ရွေးကောက်ပွဲမှာ USDP ပါတီက မဲအပြတ်အသတ်နဲ့ အနိုင်ရခဲ့ပြီး အာဏာရှင် အာဏာရူးသူတွေ ကြိုတင် ဇာတ်တိုက်ထားတဲ့အတိုင်း အစိုးရဖွဲ့နိုင်တော့မှာ ဖြစ်ပါတယ်။

လာမယ့် ဧပြီလမှာ ပေါ်ပေါက်လာမယ့် အစိုးရသစ် လက်ထက်မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဘယ်နေရာကနေ ပါဝင်မလဲ ဆိုတာကိုလည်း ပြည်တွင်း၊ ပြည်ပက စောင့်ကြည့်လေ့လာနေကြပါပြီ။

မင်းအောင်လှိုင်အနေနဲ့ တပ်ချုပ်ရာထူးကို စွန့်လွှတ်ပြီး သမ္မတနေရာကို ယူနိုင်မလားဆိုတာကို လေ့လာသူတွေက အကဲခတ်နေတုန်းမှာပဲ ၂၀၂၆ ဖေဖော်ဝါရီ ၃ ရက်နေ့မှာ ပြည်ထောင်စုအတိုင်ပင်ခံကောင်စီ ဥပဒေကို ပြဋ္ဌာန်းလာပါတယ်။

ဒါဟာ ၂၀၁၅ ရွေးကောက်ပွဲမှာ NLD ပါတီ အနိုင်ရပြီးနောက် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတော်အတိုင်ပင်ခံ ရာထူး ယူခဲ့တဲ့ ဖြစ်စဉ်နဲ့ အလားသဏ္ဌာန်တူပါတယ်။ ဒါကြောင့် စစ်ခေါင်းဆောင်အနေနဲ့ တပ်ချုပ်နဲ့ နိုင်ငံတော်အတိုင်ပင်ခံ အဖြစ် တာဝန်ယူမှာလား၊ တပ်ချုပ် ရာထူး စွန့်လွှတ်ပြီး သမ္မတနဲ့ နိုင်ငံတော်အတိုင်ပင်ခံ တာဝန်ယူမှာလား ဆိုတာကို စဉ်းစားစရာ ဖြစ်နေကြတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူတချို့ကတော့ တပ်ချုပ်ရာထူးကို စွန့်လွှတ်ပြီး သမ္မတ ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။ မင်းအောင်လှိုင်အနေနဲ့ တပ်ချုပ်ရာထူးကို စွန့်လွှတ်ခဲ့မယ်ဆိုရင်တောင် သူ့ဩဇာသက်ရောက်မယ့် လူယုံကိုပဲ တပ်ချုပ် ရာထူးပေးမယ်ဆိုတာ တထစ်ချ ယူဆလို့ ရတယ်။

လစ်လပ်နေတဲ့ တပ်ချုပ်နေရာအတွက် စစ်ခေါင်းဆောင်ရဲ့ အယုံကြည်ဆုံး လူတွေ ဖြစ်တဲ့ ဗိုလ်ချုပ်ကြီး ကျော်စွာလင်းနဲ့ ဗိုလ်ချုပ်ကြီး ကိုကိုဦး ဖြစ်လာနိုင်တယ်လို့လည်း ခန့်မှန်းနေကြပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကတော့ ရွေးကောက်ပွဲပြီးရင် တက်လာမယ့်အစိုးရသစ်ဆီ အာဏာလွှဲပြောင်းပေးမယ်လို့ ကတိပြုထားပါတယ်။ ဒါကြောင့် မကြာခင် မြင်တွေ့ရတော့မယ့် အာဏာရှင်ဇာတ်ဝင်ခန်း အသစ်မှာ မင်းအောင်လှိုင်ရဲ့ ပုံစံအသစ်ကို တွေ့ရဖို့ ရှိပါတယ်။

အာဏာမက်မောသူ ဖြစ်တဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်အနေနဲ့ နိုင်ငံ့အာဏာကို တပ်ချုပ်မင်းအောင်လှိုင် လက်ထဲကနေ သမ္မတ မင်းအောင်လှိုင်ဆီ လက်လွှဲတာမျိုး ဖြစ်လာမလား။ မူလအတိုင်း တပ်ချုပ် နဲ့ နိုင်ငံတော်အတိုင်ပင်ခံ အဖြစ်နေပြီး နောက်ကွယ်ကနေ ကြိုးကိုင်ချယ်လှယ်မလား ဆိုတာ စောင့်ကြည့်ရမယ့် အာဏာ ကစားပွဲတစ်ခု ဖြစ်လာပါတော့မယ်။