ပုလဲရှိ NUG စခန်းအဟောင်းနေရာများကို စစ်တပ်က ရှာဖွေ၍ ဗုံးကြဲနေ

ဓာတ်ပုံ - ပေးပို့
ပုံစာ - ပုလဲမြို့နယ်အတွင်းရှိ စစ်ရှောင်ပြည်သူအချို့အား တွေ့ရစဥ်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်အတွင်းရှိ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ တပ်ရင်းများ၏ တပ်စခန်းအဟောင်းနေရာများကို ရှာဖွေကာ ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိနေကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များထံမှ သိရှိရသည်။

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄ ရက်မှစ၍ ပုလဲမြို့နယ်၊ နွယ်အင်းနှင့် ချင်ပြစ်ကျင်းကျေးရွာ၌ ညအိပ်တပ်စွဲနေသည့် စစ်ကော်မရှင်စစ်ကြောင်းများက နွယ်အင်းနှင့် ချင်ပြစ်ကျင်းကျေးရွာရှိ နေအိမ်အချို့ကို မီးရှို့ဖျက်ဆီးခဲ့သည့်အပြင် NUG လက်အောက်ခံ တပ်ရင်းများ၏ စခန်းအဟောင်းနေရာများကိုလည်း ဒရုန်းအသုံးပြု၍ ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်နေခြင်း ဖြစ်သည်။

“မြောက်ဘက်စစ်ကြောင်းက နွယ်အင်းရွာမှာအထိုင်ချပြီး နွယ်အင်းနားက စခန်းအဟောင်းတွေ၊ တောင်ဘက်စစ်ကြောင်းက ချင်ပြစ်ကျင်းက NUG စခန်းအဟောင်းနေရာတွေကို ဒရုန်းတွေနဲ့ လိုက်ချနေတယ်။ ဒီနေ့လည်း ချင်ပြစ်ကျင်းအနောက်ဘက်ကို စစ်တပ်က ဒရုန်းနဲ့ချတယ်။ ဒီနေ့တော့ စစ်ကြောင်းတွေက ဘယ်မှမရွေ့သေးဘူး” ဟု မြေပြင်အခြေအနေသိရှိသူ အသက် ၂၅ နှစ်အရွယ် အမျိုးသားတစ်ဦးက MPA သို့ ပြောသည်။

BNRA ခေါင်းဆောင် ဗိုလ်နဂါး စစ်တပ်ထံ လက်နက်ချ အညံ့ခံခဲ့ပြီးနောက် စစ်ကော်မရှင်တပ်က ပုလဲ – ဂန့်ဂေါလမ်းမကြီး၏ လမ်းဘေးဝဲယာနှစ်ဖက်ရှိ ကျေးရွာများကို စုစုပေါင်း အင်အား ၄၀၀ ဝန်းကျင်ရှိ စစ်ကြောင်းနှစ်ကြောင်းဖြင့် စစ်ကြောင်းထိုးလှုပ်ရှားမှုများ လုပ်ဆောင်လျက်ရှိနေသည်။

“တောင်ဘက်စစ်ကြောင်းက အင်အား ၂၀၀ နဲ့ အင်းကန်ရွာကနေ အနောက်ဘက်ထွက်ပြီး မင်းတိုင်ပင်၊ သပြေကုန်း၊ မြေနီကုန်း၊ နှောရိုး၊ ချင်ပြစ်ကျင်းပေါ့။ မြောက်ဘက်စစ်ကြောင်းက အင်အား ၁၅၀ ဝန်းကျင် ဇီးဖြူကုန်း (ပျူစောထီးကျေးရွာ) ကနေ နွယ်အင်းဘက်မှာ အထိုင်ချနေတာ။ နှစ်ကြောင်းလုံးပေါင်းရင် ၃၈၀ နဲ့ ၄၀၀ ဝန်းကျင်ပေါ့” ဟု ထောက်ပို့လုပ်ငန်းလုပ်ကိုင်နေသည့် ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။

ထိုကဲ့သို့ စစ်ကြောင်းဝင်ရောက်မှုကြောင့် ချင်ပြစ်ကျင်း၊ နွယ်အင်း၊ အင်းကန်၊ နှောရိုး၊ သပြေကုန်း၊ မြေနီကုန်း၊ မင်းတိုင်ပင်၊ ငှက်ပျောတော၊ ပိတောက်ကုန်းအပါအဝင် ကျေးရွာ ၁၅ ရွာဝန်းကျင်မှ ဒေသခံပြည်သူအများစုမှာ စစ်ရှောင်နေကြရသည်။

လက်ရှိတွင် ပုလဲမြို့နယ်အတွင်း၌ စစ်ကော်မရှင်တပ်နှင့် ဒေသခံတော်လှန်ရေးတပ်ဖွဲ့များကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခြင်းမရှိသေးဘဲ၊ စစ်ကော်မရှင်တပ်ဘက်က ဒေသခံပြည်သူများ၏ နေအိမ်အချို့ကို မီးရှို့ဖျက်ဆီးခြင်း၊ စားနပ်ရိက္ခာပစ္စည်းများ သယ်ဆောင်ခြင်းတို့ကို လုပ်ဆောင်လျက်ရှိနေကြောင်း သိရသည်။

“ထိတွေ့မှုက နွယ်ရှောက်ရွာနားမှာ မိုင်းခွဲတာပဲ ကြားထားတာ။ စစ်ကြောင်းတွေက ဗိုလ်နဂါးလက်နက်ချပြီးကတည်းက တိုးလာတာ။ စစ်ရှောင်နေကြရတာတော့ ပုလဲ – ဂန့်ဂေါလမ်းမကြီးဝန်းကျင်က ရွာတွေ အကုန်နီးပါးပဲ” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၇ ရက်မှစ၍ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ တပ်ရင်းများနှင့် BNRA တပ်များကြား လေးနာရီခန့်အကြာထိ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီးနောက်၊ ဖေဖော်ဝါရီ ၁၈ ရက်တွင် စစ်ကော်မရှင်တပ်ထံသို့ ဗိုလ်နဂါးက လက်နက်ချခဲ့ခြင်း ဖြစ်သည်။

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၀ ရက်တွင်လည်း BNRA ဒုဥက္ကဋ္ဌ ကိုဖြိုးနှင့် စစ်ရေးတာဝန်ခံ ကိုလတ် အပါအဝင် ငါးဦးမှာ စစ်တပ်ထံသို့ လက်နက်ချအညံ့ခံခဲ့သည့်အပြင်၊ BNRA တပ်ဖွဲ့ဝင် ၁၅ ဦးဝန်းကျင်မှာလည်း သေတ္တရာကျေးရွာမှတစ်ဆင့် ပုလဲမြို့နယ်အတွင်းသို့ ဝင်ရောက်ကာ စစ်တပ်ထံ လက်နက်ချအညံ့ခံခဲ့သည်။

ထိုကဲ့သို့ ဗိုလ်နဂါးက စစ်တပ်ထံ လက်နက်ချအညံ့ခံခဲ့ပြီးနောက် ယင်းမာပင်ခရိုင်အတွင်းရှိ ပုလဲမြို့နယ်အပါအဝင် ယင်းမာပင်၊ ဆားလင်းကြီးနှင့် ကနီမြို့နယ်တို့တွင် စစ်ကော်မရှင်တပ်၏ မြေပြင်စစ်ကြောင်းနှင့် လေကြောင်းရန်တို့ကို သတိထားနေထိုင်ကြရန် တော်လှန်ရေးတပ်ဖွဲ့များက တိုက်တွန်းထားသည်။