မင်းအောင်လှိုင်ကို ICC ဖမ်းဝရမ်းထုတ်ဟု ပျံ့နှံ့နေမှု သတင်းအမှားသာဖြစ်

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှု တရားရုံး(ICC) က ဖမ်းဝရမ်းထုတ်လိုက် ပြီဟု ဖေ့ဘွတ်ခ်တွင် ပျံ့နှံ့နေမှု သတင်းအမှားသာဖြစ်သည်။

“SR reaction” အမည်ရှိ ဖေ့ဘွတ်ခ် Reel က ၂၀၂၆ ဖေဖော်ဝါရီ ၂၄ရက်တွင် ICCက အကြမ်းဖက်စစ်ခေါင်း ဆောင် မင်းအောင်လှိုင်က ဖမ်းဝရမ်းထုတ်လိုက်ပြီဖြစ်ကြောင်း ရုပ်သံဖိုင်ကို မျှဝေထားခြင်းဖြစ်သည်။

အဆိုပါ Reel ရုပ်သံကို ၂၄နာရီအတွင်း ကြည့်ရှုသူ ၄၉,၀၀၀ကျော်၊ မှတ်ချက်ရေးသားသူ ၁၇၀၀ကျော်နှင့် မျှဝေသူ ၃၀၀၀ကျော်အထိရှိသည်။

သတင်းအမှားလင့်ခ် – https://bitly.cx/DW1N

ပျံ့နှံ့မှုများပြားနေသော ဖေ့ဘွတ်ခ် Reel ကို MPA Fact-Check teamက အချက်အလက်စစ်ဆေးရာ တိကျ ခိုင်မာမှုမရှိသော သတင်းအမှားဖြစ်ကြောင်း စိစစ်တွေ့ရှိရသည်။

သက်သေပြချက်

၂၀၂၄ နိုဝင်ဘာ ၂၇ ရက်တွင် ရခိုင်ဒေသရှိ ရိုဟင်ဂျာများကို နှင်ထုတ်ခဲ့ခြင်း နှင့် ညှဉ်းပန်းနှိပ်စက်မှုများ အတွက် မင်းအောင်လှိုင်ကို ဖမ်းဝရမ်း ထုတ်ပြန်ရန် တောင်းဆိုထားပြီး ICC တရားသူကြီးများ က ၂၀၂၆ ဖေဖော်ဝါရီ အထိ အမိန့်ချမှတ်ခြင်းမရှိသေးသဖြင့် ဖမ်းဝရမ်း မထုတ်ရသေးပါ။

သက်သေပြချက်လင့်ခ်များ

UN – https://bitly.cx/6eS8m
CSW – https://bitly.cx/ceRf
Human Right Watch – https://bitly.cx/QRyot

ယုံကြည်စိတ်ချရသော မြန်မာသတင်းမီဒီယာများတွင်လည်း စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို ICC က ဖမ်းဝရမ်းထုတ်ကြောင်း သတင်းဖော်ပြထားခြင်းမရှိသေးပေ။

မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ပေးရန် တောင်းဆိုထားမှု တစ်နှစ်ကျော်ကြာသည်အထိ ထူးခြားမှုမရှိသေး ကြောင်း သတင်းများတွင် ဖော်ပြထားသည်။

သတင်းလင့်ခ်များ

Mizzima – https://bitly.cx/C6twK
BBC – https://bitly.cx/27b4R

ထို့အပြင် မင်းအောင်လှိုင်ကို ICC က ဖမ်းဝရမ်းထုတ်ပြန်လာခဲ့လျှင် အာစီယံနိုင်ငံများက ၎င်းကို ဖမ်းဆီးပြီး သည်ဟိတ်မြို့ကို လွှဲပြောင်းပေးပို့ကြရန် SAC-M က တိုက်တွန်းထားသည်။

ဖိလစ်ပိုင်နိုင်ငံအပါအဝင် အာစီယံနိုင်ငံများအနေဖြင့် ICC နှင့် ပူးပေါင်းဆောင်ရွက်ရန် လူသိရှင်ကြားထုတ်ပြန် အတည်ပြုသင့်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) က ၂၀၂၆ ဖေဖော်ဝါရီ ၂၅ရက်တွင် တိုက်တွန်းထားကြောင်း သတင်းမီဒီယာများက ဖော်ပြထားသည်။

သတင်းလင့်ခ်များ

DVB – https://bitly.cx/80OiW
BBM – https://bitly.cx/rvKU

သုံးသပ်ချက်

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ICC က ဖမ်းဝရမ်း ထုတ်ရန် တောင်းဆိုထားကြသော်လည်း လက်ရှိအချိန်ထိ ဝရမ်းထုတ်ခြင်း မရှိသေးပါ။

သတင်းအမှားတင်ထားသော ဖေ့ဘွတ်အကောင့်သည် ဖေ့ဘွတ်ခ်က ပေးချေသော ဝင်ငွေ ရရှိစေရန် တိကျခိုင်မာမှုမရှိသော ရုပ်သံ Reel များစွာ တင်လေ့ရှိကြောင်း စိစစ်တွေ့ရှိရသည်။

ထို့ကြောင့် ICC က စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်လိုက်ပြီဟု ဖေ့ဘွတ်ခ်၌ ပျံ့နှံ့နေသော အကြောင်းအရာသည် သတင်းအမှားသာ ဖြစ်သည်။

ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများအား အလွယ်တကူ မယုံကြည်ဘဲ သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှုသင့်သည်။