အမေရိကန်ပဲပုပ်ဖတ်ကို မြန်မာဝယ်ယူရန် လက်မှတ်ရေးထိုးခြင်းသည် စစ်ကော်မရှင်နှင့် နိုင်ငံရေးအရ ပုံမှန်ဆက်ဆံရေး ပြန်လည်ထူထောင်ခြင်းမဟုတ်ကြောင်း မြန်မာ့အရေးတက်ကြွလှုပ်ရှားသူ ဦးဂျိမ်းရွှေက ပြောကြားသည်။
အမေရိကန်ပြည်ထောင်စုမှ မြန်မာနိုင်ငံသို့ ပဲပုပ်ဖတ် တင်ပို့မှုများသည် လက်ရှိကျင့်သုံးနေဆဲဖြစ် သော ပိတ်ဆို့အရေးယူမှု စည်းမျဉ်းများအောက်တွင် စားနပ်ရိက္ခာနှင့်သက်ဆိုင်သော ကုန်သွယ်မှုအ ဖြစ် ကန့်သတ်ခွင့်ပြုထားခြင်းသာဖြစ်ပြီး၊ စစ်ကော်မရှင်အား ထောက်ခံအားပေးခြင်း မဟုတ်ကြောင်း ဦးဂျိမ်းရွှေက ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှနေ၍ အသိပေးထားသည်။
အရှေ့တောင်အာရှသို့ အမေရိကန် ပဲပုပ်ဖတ်တင်ပို့မှု တိုးမြှင့်နိုင်ရန်အတွက် အမေရိကန် တင်ပို့ရောင်းချသူနှင့် မြန်မာဝယ်ယူသူများအကြား သဘောတူညီချက်အသစ် လက်မှတ်ရေးထိုးမှုကို အမေရိကန်သံရုံးက ဖေဖေါ်ဝါရီ၂၅ရက်တွင် ထုတ်ပြန်ခဲ့ရာ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဌ ဦးရဲမင်းအောင်က ဝယ်ယူသူအဖြစ် လက်မှတ်ရေးထိုးကြောင်း ဓာတ်ပုံမှတ်တမ်းအရ သိရသည်။
“ဝယ်တာကတော့ ပုဂ္ဂလိကအနေနဲ့ ဝယ်ယူမှုလို့ပဲ သိထားတယ်။တိရစ္ဆာန်အစာအတွက် အမှန်တ ကယ်လိုအပ်လို့ ဝယ်တာလို့ နားလည်ကြတယ်။ဒါပေမဲ့၊အဲဒီဝယ်ယူမှုရဲ့နောက်ကွယ်မှာ ဆက်ဆံရေး လမ်းကြောင်းတစ်ခု ဖောက်ချင်တာလည်း ပါမယ်ထင်တယ်”ဟု ရန်ကုန်အခြေစိုက် အီလက်ထရော နစ်လုပ်ငန်းရှင်တစ်ဦးက MPAသို့ပြောသည်။
ဝါရှင်တန်အနေဖြင့် စစ်တပ်နှင့် ခရိုနီအဖွဲ့အစည်းများအပေါ် ပစ်မှတ်ထားအရေးယူမှုများကို ဆက် လက်တင်းကျပ်နေစဉ်အတွင်း စားနပ်ရိက္ခာနှင့် တိရစ္ဆာန်အစာ မလုံလောက်မှုများ ပိုမိုဆိုးရွားလာ ခြင်းကို ရှောင်ရှားရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း အမေရိကန်ပြည်ထောင်စုမှ ကန့်သတ်ထားသော စိုက်ပျိုးရေးထုတ်ကုန် တင်သွင်းမှုများသည် သာမန်ပြည်သူများအတွက် စိုးရိမ်ပူပန်မှုကို ထင်ဟပ်နေ ခြင်းသာဖြစ်ပြီး မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားမှုအပေါ် အမေရိကန်၏ ထောက်ခံအားပေးမှု နောက်ဆုတ်သွားခြင်းမဟုတ်ကြောင်းလည်း ဦးဂျိမ်းရွှေက ဖော်ပြသည်။
သို့သော်၊ မြန်မာ့အရေးလှုပ်ရှားသူများအနေဖြင့် လက်ရှိသတ်မှတ်ထားသော ကန့်သတ်ချက်များကို အနီးကပ်စောင့်ကြည့်ရန်နှင့် ယင်းတို့ကို ကျော်လွန်ဖောက်ဖျက်မှုများရှိလာပါက ကွန်ဂရက်လွှတ် တော် သို့ သတိပေးအကြောင်းကြားရန် လိုအပ်ကြောင်းလည်း ဆိုသည်။
