ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးငူကျေးရွာကို စစ်ကော်မရှင်က လေကြောင်းအသုံးပြု တိုက်ခိုက်ခဲ့သောကြောင့် အရပ်သားပြည်သူ သေဆုံးဒဏ်ရာရရှိမှု ထပ်တိုးလာနေကြောင်း ဒေသခံများက ဆိုကြသည်။
ဖေဖော်ဝါရီလ ၂၄ ရက်နေ့ နေ့လယ် ၂ နာရီကျော်တွင် ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ ဗုံးနှစ်လုံး ကြဲချခဲ့ခြင်းဖြစ်ပြီး ထိုတိုက်ခိုက်မှုအတွင်း သေဆုံးသူ ၁၇ ဦးနှင့် ဒဏ်ရာရရှိသူ ၁၄ ဦးအထိရှိကြောင်း ယင်းနေ့ညပိုင်းတွင် အေအေ (AA) က ထုတ်ပြန်သည်။
သို့သော် ဖေဖော်ဝါရီလ ၂၅ ရက်နေ့ မြေပြင်သတင်းအချက်အလက်များအရ သေဆုံးသူဦးရေ ထပ်မံတိုးလာခဲ့ကြောင်း ဒေသခံအမျိုးသားတစ်ဦးက MPA သို့ ပြောကြားသည်။
“တစ်နေ့ကတော့ သေဆုံးတာ ၁၇ ဦးနဲ့ ဒဏ်ရာရ ၁၄ ဦးပါ။ မနေ့က မနက်ပိုင်းမှာ အပျက်အစီးတွေကြားထဲက နောက်ထပ်အလောင်းတွေ ထပ်တွေ့တာရှိတယ်။ အားလုံး သေဆုံးတာ ၂၀ ဦး ရှိသွားပါပြီ” ဟု ထိုအမျိုးသားက ဆိုသည်။
အဆိုပါ တိုက်ခိုက်မှုအတွင်း အပြစ်မဲ့အရပ်သား အမျိုးသမီးနှင့် ကလေးသူငယ်အများအပြား သေဆုံးခဲ့ရကြောင်း ထိုအခြေအနေကို ကိုယ်တိုင်မြင်တွေ့ခဲ့ရသည့် အမျိုးသားတစ်ဦးက ပြောပြသည်။
ထိုမျက်မြင်အမျိုးသားက “ဗုံးကြဲခံရလို့ သေဆုံးသွားကြတာက အမျိုးသမီးနဲ့ ကလေးတွေ များပါတယ်။ အသက်မပြည့်သေးတဲ့ ကလေးတွေလည်း ပါပါတယ်။ ဒဏ်ရာပြင်းပြင်းထန်ထန်ရလို့ အရေးပေါ်ဆေးကုသမှု ခံယူနေရသူတွေလည်း ရှိပါတယ်” ဟု ပြောသည်။
အေအေ၏ ထုတ်ပြန်ချက်တွင်လည်း သေဆုံးသွားသူအများစုသည် အသက် (၇) နှစ်ဝန်းကျင်မှ အသက် (၇၀) ကြား အရွယ်စုံ အမျိုးသမီးအများစုနှင့် ကလေးငယ်များ ဖြစ်ကြသည်ကို တွေ့ရသည်။
အေအေ ထုတ်ပြန်ထားသည့် စာရင်းနှင့် မြေပြင်မှရရှိထားသည့် စာရင်းများအရ သေဆုံးသွားသူများမှာ ဒေါ်စောမြယဉ် (၄၅) နှစ်၊ ဒေါ်ဦးမြတင် (၅၂) နှစ်၊ မောင်ပြည်ငြိမ်းစိုး (၁၃) နှစ်၊ ဦးမောင်ဝင်းကျိုင် (၅၃) နှစ်၊ ဒေါ်ယဉ်ယဉ်မူ၊ ဒေါ်မပုစိန် (၇၀) နှစ်၊ ဒေါ်မချေ (၂၄) နှစ်၊ ဒေါ်မသိန်းခင် (၅၇) နှစ်၊ ဒေါ်လှသာနု (၆၀) နှစ်၊ ဒေါ်ဇင်မာအေး (၄၄) နှစ်၊ ဒေါ်စောတင်လှ (၄၀) နှစ်၊ မစိုးသဇင်မိုး (၁၄) နှစ်၊ မမျိုးသက်နွယ် (၇) နှစ်၊ ဒေါ်အေးစံလှ (၅၁) နှစ်၊ ဒေါ်ဆန်းဆန်းဝင်း (၃၂) နှစ်၊ ဒေါ်မညို (၇၀) နှစ်၊ ဒေါ်စိုးစိုးနွယ် (၃၁) နှစ်၊ မအိမြတ်ဝေ (၁၃) နှစ်နှင့် နောက်ထပ်ကလေးငယ် နှစ်ဦးတို့ ဖြစ်သည်။
ပုဏ္ဏားကျွန်းမြို့နယ်ရှိ ယိုးငူကျေးရွာသည် စစ်တွေ-ရန်ကုန် အာရှကားလမ်းမပေါ်တွင် တည်ရှိပြီး စစ်ဘေးရှောင်ပြည်သူအများအပြား ခိုလှုံနေကြသည့် ကျေးရွာတစ်ရွာဖြစ်သည်။
စစ်ဘေးရှောင်များ ခိုလှုံနေကြသည့် အဆိုပါကျေးရွာကို စစ်ကော်မရှင်က ဗုံးကြဲတိုက်ခိုက်ခြင်းမှာ လူမဆန်သည့် လုပ်ရပ်ဖြစ်ကြောင်း နောက်ထပ်ဒေသခံအမျိုးသားတစ်ဦးက ဝေဖန်ပြောဆိုသည်။
“သေဆုံးဒဏ်ရာရသွားတဲ့လူတွေ အများစုကတော့ ဈေးရောင်းဈေးဝယ် လုပ်နေကြတာလို့ သိရတယ်။ ဈေးဆိုင်တန်းတွေနဲ့ နေအိမ်တချို့ပါ မီးလောင်သွားတာရှိတယ်။ ဒါက မဖြစ်သင့်ပါဘူး။ အများပြည်သူနေထိုင်တဲ့နေရာကို ဗုံးကြဲတယ်ဆိုတာ လူမဆန်တဲ့လုပ်ရပ်လို့ မြင်ပါတယ်” ဟု ၎င်းက ပြောသည်။
ရခိုင်တွင် စစ်ရေးအရ အရေးနိမ့်နေသည့် စစ်ကော်မရှင်သည် စစ်ရေးနှင့်မသက်ဆိုင်သည့် အများပြည်သူနေထိုင်ရာ မြို့၊ ရွာ၊ စာသင်ကျောင်း၊ သာသနိကအဆောက်အအုံ၊ ဆေးရုံ၊ ဆေးခန်းနှင့် လူစုလူဝေးရှိရာ နေရာများကို လေကြောင်းအသုံးပြု၍ မကြာခဏ တိုက်ခိုက်လေ့ရှိသည်။
