ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့ သွန်းဘုရားပွဲတော် ကျင်းပနေစဉ် စစ်ရေးပစ်မှတ်များ တိုက်ခိုက် ခံရမည်စိုးသဖြင့် ဇာတ်ပွဲ မထည့်ရန် စစ်ကော်မရှင်က ကန့်သတ်ထားကြောင်း သိရသည်။
ခရမ်းမြို့ သွန်းဘုရားပွဲတော်သည် ဒေသတွင်း အလွန်စည်ကားသည့် ပွဲတော်ဖြစ်ပြီး အာဏာမသိမ်း မီကာလများက ဇာတ်ပွဲနှင့် စတိတ်ရှိုးပွဲများ ထည့်သွင်းကျင်းပခဲ့သော်လည်း အာဏာသိမ်းပြီးနောက် ၂၀၂၃ခုနှစ်မှစတင်ကာ ပြန်လည်ကျင်းပသည့်အခါ လုံခြုံရေးအရ ဇာတ်ပွဲနှင့် စတိတ်ရှိုးတို့ မလုပ်ရန် စစ်အုပ်စုက ကန့်သတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံအချို့ထံက သိရသည်။
“ပွဲမထည့်တာက မြို့ခံလူထုအကုန်လုံးက ပွဲထဲရောက်နေရင် သူတို့ရှိတဲ့နေရာတွေကို PDF က တိုက်ခိုက်လို့ ပိုလွယ်သွားမှာစိုးလို့ ပွဲကိုမထည့်တာပါ”ဟု ဒေသတွင်းနွေဦးတော်လှန်ရေးစာမျက်နှာ ခရမ်းချန်နယ်မှ တာဝန်ရှိသူတစ်ဦးက MPAသို့ပြောသည်။
ခရမ်းPDF သည် အာဏာသိမ်းပြီးနောက်ပိုင်းတွင် ဒေသတွင်းပြောက်ကျားတိုက်ပွဲများ ဖော်ဆောင် ကာ အောင်ပွဲများလည်း ရခဲ့သည့်အတွက် စစ်အုပ်စုဝင်တို့ ကြောက်ရွံ့ခဲ့ကြကြောင်း ထို့ကြောင့် ခရမ်း မြို့ပေါ်တွင် သွန်းဘုရားပွဲတော်ကို အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၃ခုနှစ်ကျမှ ပြန်လည်ကျင်းပခွင့် ပြုခဲ့ပြီး ဇာတ်ပွဲမထည့်ရန် စစ်တပ်က ကန့်သတ်ခြင်းဖြစ်ကြောင်း ခရမ်းမြို့တွင်းနေ ပြည်သူတစ်ဦးက ပြောသည်။
“ခရမ်းမြို့ပေါ်က စစ်တပ်အထိုင်ချတဲ့နေရာမှန်သမျှ ခရမ်းPDF က တိုက်ခိုက်ခဲ့တာချည်းပဲဆိုတော့ ဇာတ်ပွဲပြနေတုန်း အလုပ်ခံရမှာ စခတွေ ကြောက်တယ်။အဲဒါ ထွေအုပ်ရုံးကလူတွေဆီက ကြားရတဲ့ သတင်းပါ။ တကယ်လည်း ကြောက်ကြတယ်”ဟု ၎င်းက ပြောသည်။
ခရမ်းသွန်းဘုရားပွဲတော်ကို အရပ်သားအစိုးရတွေလက်ထက်က ခရမ်းဘုရားကြီးလမ်းတစ်လျှောက် နှင့် ရဲစခန်း၊ ထွေအုပ်ရုံးရှေ့လမ်းများပါမကျန် စျေးဆိုင်ခန်းနှင့် မုန့်စျေးတန်းတို့ဖြင့် ပြည့်နှက်ခဲ့ပြီး အာဏာသိမ်းပြီး ပြန်ကျင်းပသည့် ၂၀၂၃ခုနှစ်မှစတင်ကာ သွန်းဘုရားကြီး၏ ရှေ့လမ်းတည့်တည့် လမ်းအတိုလေးတစ်လမ်းမှာသာ စျေးဆိုင်ခန်းများ ဖွင့်ခွင့်ပြုတော့ကြောင်း ခရမ်းချန်နယ်က ဆိုသည်။
“အာဏာသိမ်းပြီး ပြန်လုပ်တဲ့နှစ် ၂၀၂၃ ခုနှစ်ကဆို ပွဲထဲမှာ ရဲတွေ၊ စစ်သားတွေပါကင်းလှည့်ခဲ့ကြပြီး အဲ့နှစ်ထဲကပွဲမထည့်တော့တာ ဒီနှစ်ထိပါပဲ”၎င်းက ပြောသည်။
သွန်းဘုရားပွဲတော်ကို နှစ်စဥ် တပေါင်းလဆန်း ၈ ရက်(ဖေဖေါ်ဝါရီ၂၃ရက်)မှ တပေါင်းလပြည့်ကျော် ၁ ရက်(မတ်၃ရက်)အထိ ကျင်းပပြီး ယခုနှစ်တွင်မူ စာမေးပွဲများကြောင့်ဟုဆိုကာ တပေါင်းလဆုတ် ရက်များသို့ ရွှေ့ထားသဖြင့် မြို့ခံများက မကျေနပ်ကြကြောင်း သိရသည်။
ခရမ်းPDF သည် ခရမ်းသုံးခွတွင် စစ်ဆင်ရေးများစွာဆင်နွှဲခဲ့ရာ စစ်အုပ်စုဝင် ၇၀၀ကျော်သေဆုံးခဲ့ပြီး ၁၀၀၀ခန့် ဒဏ်ရာရခဲ့ကြောင်း ခရမ်းချန်နယ်၏ မှတ်တမ်းများအရ သိရသည်။
ယခု အထူးတိုင်းစစ်ဌာန ကွပ်ကဲမှုအောက်ရှိ Rangoon Warriors PDF ၊ အမှတ် (၉၉၂၅) တပ်ရင်း ၏ မူလရင်းမြစ်မှာ ခရမ်းPDF ဖြစ်သည်။
