မိန်းမရှုပ်သည့် မဘသ PR စနစ်အရ အမတ်ဖြစ်လာပြီးနောက် မွန်ပြည်နယ်အစိုးရအဖွဲ့တွင် ဝန်ကြီး ဖြစ်တော့မည်ဟု သူ့ကိုယ်သူ ကြော်ငြာထိုးနေကြောင်း သိရသည်။
မွန်ပြည်နယ်အခြေစိုက် အမျိုးသားအကျိုးစီးပွားတိုးတက်ရေးဥက္ကဌ မဘသ သန့်ဇော်သည် ၂၀၂၅ တရားမဝင်ရွေးကောက်ပွဲတွင် အချိုးကျကိုယ်စားပြုစနစ် PR အရ မွန်ပြည်နယ်လွှတ်တော်၊ ကျိုက်မရောမြို့နယ်ကိုယ်စားလှယ်အမှတ်၂ အမတ် အဖြစ် ရွေးချယ်ခံရသူဖြစ်ကာ ဝန်ကြီးဖြစ်ရန် နေပြည်တော်အထိ လိုက်ထားပြီးပြီဟု ပြောနေ ကြောင်း ဒေသတွင်း ပါတီများနှင့် နီးစပ်သည့် မော်လမြိုင်မြို့ခံတစ်ဦးထံက သိရသည်။
“၂၀၂၀မတိုင်မီက မော်တော်ပီကယ်ကတစ်ပွင့်၊လာဘ်စားကြမ်းလို့ ပြုတ်တယ်။အမှုပွဲစားလုပ်ရင်းနဲ့ ရိုက်မှုဖြစ်ပြီး ထောင်ကျတယ်။ထောင်ကနေ ပြန်ထွက်လာတော့ နေဇင်လတ်တပည့် မော်လမြိုင် မဘသ လုပ်တယ်။ ၂၀၂၅ ရွေးကောက်ပွဲဝင်ဖို့ ပါတီထောင်လိုက်တယ်။ မိန်းမရှုပ်တဲ့နေရာမှာလည်း နာမည်ကြီးတယ်။ အခု သူ့ကိုယ်သူ ဝန်ကြီးဖြစ်မယ်လို့ ကြော်ငြာနေတာက သူနဲ့တူတူ ပေါင်းစားဖို့အ တွက် တပည့်လိုက်စုနေတာ။ဝန်ကြီးဖြစ်ဖို့ နေပြည်တော်ထိ လမ်းကြောင်းဝင်ပြီးပြီဆိုပဲ”ဟု ၎င်းက MPAသို့ပြောသည်။
သန့်ဇော်သည် တရားမဝင်ရွေးကောက်ပွဲမတိုင်မီ ၂၀၂၅ခုနှစ်၊ နိုဝင်ဘာ၂ရက် နေ့ခင်းပိုင်း က မော်လ မြိုင်မြို့၊မြိုင်သာယာ ဖက်ခင်းလမ်းရှိ ၎င်း၏အိမ်၌ ဇနီးနှင့် စကားများရာမှ သေနတ်ပစ်ဖောက် ခဲ့သေးသော်လည်း အရေးယူမခံခဲ့ရပေ။
“သူက ပါတီထောင်ထားတော့ ၂၅(၂၀၂၅)ရွေးကောက်ပွဲမတိုင်ခင်ကလည်း နေပြည်တော်မှာ ပွဲလုပ်ရင် သူက ပါတီဥက္ကဌဆိုတော့ တက်ရတယ်။အဲဒီပွဲတွေမှာ နာမည်ကြီးတွေနဲ့ ဓာတ်ပုံတွဲရိုက် ပြီး မော်လမြိုင်မှာ တစ်ခုခုဆို ဓာတ်ပုံပြပြီး ဖြဲတာတွေ လုပ်တာ”ဟု ၎င်းက ဆက်လက်ပြောသည်။
သန့်ဇော်သည် မိန်းမကိစ္စအပါအဝင် နာမည်ပျက်များစွာရှိသူဖြစ်သလို အာဏာရှိသူများကို အရိုအသေပေးကာ ဆက်ဆံရေးထူထောင်တတ်သူလည်း ဖြစ်ကြောင်း မော်လမြိုင်ဇာတိသားများ သိကြ သည်ဟု မော်လမြိုင်မြို့၊မုပွန်ရပ်နေ အမျိုးသားတစ်ဦးက ဆိုသည်။
“ဒီလိုကောင်မျိုး ဝန်ကြီးဖြစ်မယ်ဆိုလည်း ဖြစ်နိုင်တယ်။ဝန်ကြီးဖြစ်ရင်လည်း ပက်ပက်စက်စက်ကို လာဘ်စားမှာ”ဟု ၎င်းက ပြောသည်။
အမျိုးသားအကျိုးစီးပွားတိုးတက်ရေးပါတီသည် မွန်ပြည်နယ်အတွင်း မဲအများဆုံးရသူအနိုင်ယူစနစ် တွင် တစ်နေရာမျှ အနိုင်မရခဲ့သော်လည်း PRစနစ်အရ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်လွှတ် တော် ၂နေရာ ခွဲတမ်းရခဲ့သည်။
တိုင်းနှင့်ပြည်နယ် တရားမဝင်လွှတ်တော်အစည်းအဝေးများကို မတ်လ၂၀ရက်တွင် စတင်မည် ဖြစ်သည်။
