ပါကစ္စတန်က အာဖဂန်နစ္စတန်မြို့တော် ကာဘူးလ်နှင့် အခြားပြည်နယ်နှစ်ခုကို လေကြောင်းမှ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း အာဖဂန်အစိုးရ ပြောရေးဆိုခွင့်ရှိသူက ထုတ်ပြန်ကြေညာခဲ့သည်။
အာဖဂန်နစ္စတန်ဘက်မှ ပါကစ္စတန်သို့ နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှုပြုလုပ်ပြီး နာရီပိုင်းအကြာ ယနေ့နံနက် အစောပိုင်းတွင် ယခုကဲ့သို့ လက်တုံ့ပြန်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
အိမ်နီးချင်းနှစ်နိုင်ငံကြား အကြမ်းဖက်မှုများ ယခုကဲ့သို့ အရှိန်မြင့်လာခြင်းကြောင့် ကာတာနိုင်ငံက ကြားဝင်စေ့စပ်ပေးထားသည့် အပစ်အခတ်ရပ်စဲရေးမှာ ပိုမိုပျက်ပြားလာမည့် အခြေအနေရှိနေသည်။
အာဖဂန်တပ်ဖွဲ့များက ဖေဖော်ဝါရီ ၂၆ ရက် ညပိုင်းတွင် ပါကစ္စတန်နယ်စပ်စောင့်တပ်များကို တိုက်ခိုက်ခဲ့ကြသည်။
ယင်းမှာ အစောပိုင်းက ဖြစ်ပွားခဲ့သော သေဆုံးမှုများရှိသည့် လေကြောင်းတိုက်ခိုက်မှုများအတွက် လက်တုံ့ပြန်ခြင်းဖြစ်သည်ဟု တာလီဘန်အစိုးရက ဆိုသည်။
ပြီးခဲ့သည့် အောက်တိုဘာလက နှစ်ဖက်စလုံးမှ လူပေါင်း ၇၀ ကျော် သေဆုံးခဲ့ရသည့် တိုက်ပွဲများဖြစ်ပွားပြီးနောက်ပိုင်း နယ်စပ်ဂိတ်အများစု ပိတ်ထားခဲ့ရကာ အိမ်နီးချင်းနှစ်နိုင်ငံ ဆက်ဆံရေးမှာလည်း မကြာသေးမီလများအတွင်း ဆိုးရွားစွာ ကျဆင်းလာခဲ့သည်။
ပါကစ္စတန်အတွင်း တိုက်ခိုက်မှုများ ပြုလုပ်နေသည့် စစ်သွေးကြွအုပ်စုများကို အာဖဂန်နစ္စတန်ဘက်က အရေးယူရန် ပျက်ကွက်နေသည်ဟု အစ္စလာမ်မာဘတ်က စွပ်စွဲထားသော်လည်း တာလီဘန်အစိုးရက ငြင်းဆိုထားသည်။
ကာတာနှင့် တူရကီတို့ ကြားဝင်စေ့စပ်ပေးသည့် ကနဦး အပစ်အခတ်ရပ်စဲရေးနောက်ပိုင်း ဆွေးနွေးမှုများ အကြိမ်ကြိမ် ပြုလုပ်ခဲ့သော်လည်း ရေရှည်တည်တံ့သော သဘောတူညီချက်တစ်ရပ် ရရှိရန် ပျက်ကွက်ခဲ့သည်။
မကြာသေးမီလများအတွင်း ပါကစ္စတန်က အာဖဂန်နစ္စတန်ကို လေကြောင်းတိုက်ခိုက်မှုများ အကြိမ်ကြိမ် ပြုလုပ်ခဲ့သလို နယ်စပ်တစ်လျှောက် ထိတွေ့တိုက်ပွဲများလည်း ရှိခဲ့သည်။ ယခုနောက်ဆုံးဖြစ်ပွားသည့် နယ်စပ်ပဋိပက္ခတွင် စစ်သည်အများအပြား သေဆုံးခဲ့သည်ဟု နှစ်ဖက်စစ်တပ်များက အသီးသီး ပြောကြားကြသည်။
“ကာဘူးလ်၊ ပက်တီးယား (Paktia) ပြည်နယ်နဲ့ ကန်ဒါဟာမြို့တွေက အာဖဂန်တာလီဘန် ကာကွယ်ရေးပစ်မှတ်တွေကို တိုက်ခိုက်ခဲ့တာပါ” ဟု ပါကစ္စတန် ပြန်ကြားရေးဝန်ကြီး အာတာအူလာ တာရာက X လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။
ကာကွယ်ရေးဝန်ကြီး ခါဝါဂျာ အာဆစ်ဖ်ကလည်း တာလီဘန်အစိုးရနှင့် “အလုံးစုံ ရင်ဆိုင်တိုက်ခိုက်မှု” ပြုလုပ်မည်ဟု ကြေညာခဲ့သည်။
“ကျွန်တော်တို့ရဲ့ သည်းခံနိုင်စွမ်းက အကန့်အသတ်ကို ရောက်သွားပါပြီ။ အခုကတော့ ခင်ဗျားတို့နဲ့ ကျွန်တော်တို့ကြား ပွင့်ပွင့်လင်းလင်း စစ်ခင်းကြတာပဲ” ဟု ၎င်းက ဆိုသည်။
နှစ်နိုင်ငံကြား ၂,၆၁၁ ကီလိုမီတာ ရှည်လျားသော နယ်စပ်မျဉ်းကို Durand Line ဟု သိကြပြီး အာဖဂန်နစ္စတန်ဘက်က ယင်းကို တရားဝင် အသိအမှတ်ပြုခြင်း မရှိပေ။
