အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်သာလျှင် ဆက်လက်ဗိုလ်လုပ်ဦးမည်ဟု ယုံကြည်ကြသ ဖြင့် မကြာမီ ဖြစ်ပေါ်လာမည့် တရားမဝင်အစိုးရကို ရန်ကုန်ပြည်သူတို့က စိတ်မဝင်စားကြကြောင်း သိရသည်။
ရန်ကုန်တွင် လက်ရှိနေထိုင်နေသည့် လူလတ်တန်းစားအဆင့် ပြည်သူ ၁၂ဦးကို လာမည့် တရားမဝင်အစိုးရသစ်အပေါ် စိတ်ဝင်စားမှုရှိ၊မရှိ MPAက ဆက်သွယ်မေးမြန်းခဲ့ရာ ၎င်းတို့က အထက် ပါအတိုင်း တညီတညွတ်တည်း ဖြေကြားကြသည်။
“အတုအယောင်အစိုးရဆိုပေမဲ့ မင်းအောင်လှိုင်သာ ဝင်မပါတော့ဘူးဆိုရင် ပြည်သူတွေက စိတ်ဝင် စားကြဦးမယ်ထင်တယ်။အခုက မင်းအောင်လှိုင်ပဲ ဗိုလ်လုပ်မှာ သေချာနေတော့ ကျနော်နဲ့ ကျနော့်အ သိုင်းအဝိုင်းက လူတွေကတော့ ဘယ်သူမှ စိတ်မဝင်စားကြဘူး။ပြီးတော့ ဘာမှ ပြောင်းလဲစရာအ ကြောင်းလည်း မရှိတော့ ဘာမှ စိတ်ဝင်စားစရာမရှိဘူး”ဟု ရန်ကုန်အခြေစိုက် စာပေလောကသား တစ်ဦးက MPAသို့ ပြောသည်။
တရားမဝင်အစိုးရလက်ထက်တွင် ပြောင်းလဲမှုတစ်စုံတစ်ရာမရှိနိုင်ဟု ယုံကြည်သူ ၁၀ဦးရှိပြီး ၂ဦးမှာ မူ စစ်ဘေးကင်းသည့် ရန်ကုန်ကဲ့သို့သော မြို့များ၌ ရပ်ကွက်အုပ်ချုပ်ရေးနှင့် ပျူစောထီးတို့၏ ထင်ရာ စိုင်းအနိုင်ကျင့်မှုများ အနည်းငယ် လျော့ပါးလာနိုင်ကြောင်း ဆိုကြသည်။
“အမတ်တွေဘာတွေက စစ်တပ်ကို မပြောရဲပေမဲ့ အုပ်ချုပ်ရေးပိုင်းကသူတွေကိုတော့ အများကြီးမ ဟုတ်တောင် နည်းနည်းတော့ ပြောရဲမှာပဲ”ဟု တောင်ဥက္ကလာပ၊၁၄ရပ်ကွက်နေ ကုမ္ပဏီဝန်ထမ်းအ မျိုးသမီးတစ်ဦးက ပြောသည်။
လှိုင်မြို့နယ်၊၁၁ရပ်ကွက်နေ အိမ်ရှင်မတစ်ဦးကလည်း ရပ်ကွက်များအတွင်း အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ တို့ ပေါ်တာလိုက်ဆွဲသည့် ဖြစ်ရပ်များ လျော့ပါးသွားနိုင်သည်ဟု ဆိုသည်။
“ရပ်ကွက်ရုံးမှာ အချုပ်ခန်းလုပ်ထားတာမျိုး၊အဲဒီအချုပ်ခန်း၄ထပ်အမြင့်ကနေ ပေါ်တာဆွဲခံထားရတဲ့ လူငယ်၂ယောက် ခုန်ချထွက်ပြေးလို့ တစ်ယောက်သေသွားတာမျိုးပေါ့။အဲဒီလို ကိစ္စတွေ ဖြစ်ရင် အုပ်ကြီးတို့ဘာတို့ အရေးယူခံရတာတွေ ဖြစ်လာနိုင်တယ်”ဟု ၎င်းက ဆိုသည်။
လှိုင်မြို့နယ်၊၁၁ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၏ အချုပ်ခန်းမှာ အဆောက်အအုံ၏ ၄ထပ်အမြင့်တွင် ရှိပြီး ဖေဖေါ်ဝါရီ၆ရက်ညက စစ်မှုထမ်းအတွက် ပေါ်တာဆွဲခံထားရသည့် လူငယ်၂ဦး ခုန်ချခဲ့ခြင်း ဖြစ်ကာ တစ်ဦး သေဆုံးသွားခဲ့သည်။
သာကေတမြို့နယ်နေ အင်ဂျင်နီယာတစ်ဦးကမူ မကြာမီဖွဲ့စည်းမည့် အစိုးရအဖွဲ့အကြောင်းကို မီဒီ ယာများကသာ စိတ်ဝင်စားကြပြီး ပြည်သူများက စိတ်မဝင်စားဟု မှတ်ချက်ပြုသည်။
လာမည့် ဧပြီလဆန်းပိုင်းတွင် တရားမဝင်အစိုးရတစ်ရပ် ဖွဲ့စည်းတော့မည်ဖြစ်ပြီး မင်းအောင်လှိုင်သာ လျှင် သမ္မတလုပ်မည်ဟု ခန့်မှန်းထားကြသည်။
