စည်းကမ်းပျက်သည့် တပ် အရှုံးသာရင်ဆိုင်ရမည်ဟု အကျင့်ပျက်ခြစားမှုများ ပြည့်နေသည့် အာဏာသိမ်းစစ်တပ်၏ ဒုခေါင်းဆောင်​ ဝန်ခံ

ဓာတ်ပုံ-လူမှုကွန်ရက်

စည်းမျဉ်းစည်းကမ်းများ၊ ညွှန်ကြားချက်နှင့် အမိန့်များကို မလိုက်နာသည့်တပ်သည် အောင်မြင်မှုနှင့် ဝေးကွာပြီး အရှုံးနှင့်သာ ရင်ဆိုင်ရမည်ဟု အကျင့်ပျက်ခြစားမှုများနှင့် ပြည့်နေသည့် အာဏာသိမ်းစစ်တပ်၏ ဒုစစ်ခေါင်းဆောင် စိုးဝင်းက ဝန်ခံပြောကြားခဲ့ကြောင်း သိရသည်။

ဒုစစ်ခေါင်းဆောင် စိုးဝင်းသည် ယမန်နေ့က ပြုလုပ်ခဲ့သည့် ဗထူးမြို့ရှိ ဗိုလ်သင်တန်းကျောင်း ကျောင်းဆင်းပွဲ၌ ယင်းသို့ ပြောဆိုဝန်ခံခဲ့ခြင်း ဖြစ်သည်။

“စည်းကမ်းသည် လုပ်သင့်လုပ်ဆောင်ထိုက်သည်များကို လုပ်ဆောင်ရန် တိုက်တွန်းခြင်းနှင့် မလုပ်သင့်မလုပ်ထိုက်သည်များကို မလုပ်ဆောင်ရန် တားမြစ်ခြင်းပင်ဖြစ်ကြောင်း၊ တပ်မတော်၏ စစ်သည်တော်ကျင့်ဝတ် ၆၀ ပါးသည် လုပ်ဆောင်သင့်လုပ်ဆောင်ထိုက်သည်များကို တိုက်တွန်းထားသည့် စည်းကမ်းချက်များဖြစ်သည့်အတွက် လိုက်နာရန်လိုအပ်သကဲ့သို့ တပ်မတော်အက်ဥပဒေပါ ပြစ်မှု ၄၁ မျိုးမှာ မလုပ်သင့်မလုပ်ဆောင်ထိုက်သည်များကို တားမြစ်ထားသည့် စည်းကမ်းများဖြစ်သည့်အတွက် ရှောင်ကြဉ်ရန်လိုအပ်ကြောင်း” ဟု ဒုစစ်ခေါင်းဆောင် စိုးဝင်းက ပြောသည်။

ဆက်လက်ပြီး ၎င်းက “ထုတ်ပြန်ထားသည့် စည်းမျဉ်းစည်းကမ်းများ၊ ညွှန်ကြားချက်နှင့် အမိန့်များကို လိုက်နာမှုအားနည်းလျှင်ဖြစ်စေ၊ မလိုက်နာလျှင်ဖြစ်စေ အဆိုပါတပ်သည် အောင်မြင်မှုနှင့် တဖြည်းဖြည်းဝေးကွာပြီး အရှုံးများနှင့် ကြုံတွေ့ရမည်ဖြစ်ကြောင်း” ဟု အာဏာသိမ်းစစ်တပ်နှင့် ပတ်သက်၍ ဝန်ခံပြောဆိုသည်။

ဒုစစ်ခေါင်းဆောင်၏ ပြောဆိုမှုသည် ၎င်းတို့အာဏာသိမ်းစစ်တပ်အတွင်း အမှန်တကယ် ဖြစ်ပျက်နေသည့် စည်းကမ်းမလိုက်နာမှုများအတွက် ဝန်ခံပြောဆိုခြင်းမျိုး ဖြစ်နေကြောင်း နိုင်ငံရေးလေ့လာသူတစ်ဦးက ပြောသည်။

“ဒီအာဏာသိမ်းစစ်တပ်မှာ အောက်ခြေကနေ ထိပ်ပိုင်းထိ အဂတိတွေ၊ အကျင့်ပျက်မှုတွေ၊ အမိန့်မနာခံမှုတွေနဲ့ ပြည့်နေတာ။ ဒါကြောင့်လည်း ၁၀၂၇ မှာ ခွက်ခွက်လန်အောင် ရှုံးတာလေ။ စိုးဝင်းပြောတာတွေက သူတို့တပ် စုတ်ပြတ်နေပြီဆိုတာကို ဝန်ခံတာလို့ပဲ မြင်ပါတယ်။ တဖြည်းဖြည်း ရှုံးလာနေတာလည်း အမြင်ပဲလေ” ဟု ၎င်းက ပြောသည်။

ထို့ပြင် ဒုစစ်ခေါင်းဆောင်က ၎င်း၏ကျောင်းဆင်းဗိုလ်များအား ပြည်သူအပေါ် ပြုကျင့်ရမည့် ကျင့်ဝတ် ၁၀ ပါးနှင့်အညီ နေထိုင်မှသာ တပ်ပြင်စည်းလုံးရေးကို တည်ဆောက်နိုင်မည်ဟုလည်း ညည်းတွားပြောဆိုခဲ့သည်ဟု သိရသည်။

အဆိုပါပြောဆိုမှုသည် လက်တွေ့နှင့် ကင်းကွာလွန်းနေပြီး အာဏာသိမ်းစစ်သားများသည် ပြည်သူအပေါ် ရိုင်းစိုင်းယုတ်မာစွာ ပြုကျင့်မှုများသာ ရှိနေသည်ဟု စစ်အာဏာသိမ်းမှုကို ဆန့်ကျင်နေသည့် ရန်ကုန်မြို့ခံလူငယ်တစ်ဦးက ပြောသည်။

“လူထုအပေါ် ပြုမူရတာတွေမှာ ပြည်သူကို မထီမဲ့မြင်မလုပ်ဖို့တို့၊ ပြည်သူ့အကျိုးစီးပွား ဦးထိပ်ထားဖို့၊ ပြည်သူကို ဦးစားပေးဖို့၊ ပြည်သူဘာခိုင်းခိုင်း လုပ်ပေးဖို့ စတာတွေပါတယ်။ ဒီကောင်တွေ လုပ်သလား မလုပ်သလား အားလုံးအမြင်ပဲ။ ပြည်သူတွေကို မုဒိန်းကျင့်တယ်၊ သတ်တယ်၊ ဆဲဆိုရိုင်းစိုင်းတယ်၊ ရွာတွေမီးရှို့တယ်။ ဒီလိုကောင်တွေ ပြည်သူအပေါ် ပြုမူတဲ့ကျင့်ဝတ်တွေက အော်ဆိုနေတဲ့ ကျင့်ဝတ်တွေနဲ့ ပြောင်းပြန်ပဲ” ဟု အဆိုပါလူငယ်က ပြောသည်။

ဒုစစ်ခေါင်းဆောင် ပြောခဲ့သည့် ပြည်သူအပေါ် ပြုကျင့်ရမည့် ကျင့်ဝတ်ဆယ်ပါးထဲတွင် မိမိနှင့်မသက်ဆိုင်သည့် အမှုကိစ္စများတွင် စစ်သားများ မပါဝင်ရန် တားမြစ်ထားသော်လည်း အာဏာသိမ်းစစ်တပ်သည် ၂၀၂၁ ခုနှစ် ရွေးကောက်ခံအစိုးရကို လက်နက်အားကိုးဖြင့် ဖြုတ်ချကာ ၎င်းတို့နှင့် မသက်ဆိုင်သည့် နိုင်ငံရေးအာဏာရရေးအတွက် အာဏာသိမ်းခဲ့သည်။

ယင်းနောက် ဆန့်ကျင်သည့်ပြည်သူများအား အကြမ်းဖက်နှိမ်နင်းခဲ့ပြီး ပြီးခဲ့သည့် ငါးနှစ်အတွင်း ပြည်သူ့အိမ်ပေါင်း သိန်းနှင့်ချီ၍ မီးရှို့ဖျက်ဆီးခဲ့ခြင်း၊ ထောင်ပေါင်းများစွာသော အရပ်သားပြည်သူများကို သတ်ဖြတ်အနိုင်ကျင့်ခြင်းများ ပြုလုပ်နေခဲ့သည်။