စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးများ သေဆုံးမှု ယူနီဆက် အထူးစိုးရိမ်ပြန်

ဓာတ်ပုံ - လူမှုကွန်ရက်
ပုံစာ - လေကြောင်းတိုက်ခိုက်မှုအပြီး ယိုးငူကျေးရွာမီးလောင်နေစဉ်

ပုဏ္ဏားကျွန်းနှင့် မြင်းမူတွင် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးများ သေဆုံး၊ဒဏ်ရာ ရမှုအပေါ် အထူးစိုးရိမ်မိကြောင်း ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF)က သတင်းထုတ်ပြန်သည်။

ဖေဖေါ်ဝါရီ ၂၄ ရက်က ရခိုင်ပြည်နယ်၊ပုဏ္ဏားကျွန်းမြို့နယ်အတွင်း စစ်ဘေးရှောင်များ ခိုလှုံရာ ရွာတစ်ရွာရှိ နေအိမ်များနှင့် စည်ကားသော ရပ်ရွာဈေးကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခြင်းနှင့် ဖေဖေါ်ဝါရီ၂၃ရက်က စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူများနှင့် ကလေးငယ်များ သေဆုံး၊ဒဏ်ရာရသည့်အပေါ် ယူနီဆက်က သတင်း ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

“ကလေးငယ်များကို အချိန်မရွေး၊နေရာမရွေး အကာအကွယ်ပေးရမည်”ဟု ယူနီဆက်က ဆိုသည်။

လက်ရှိဖြစ်ပွားနေသော ပဋိပက္ခများသည် ကလေးငယ်များကို အိုးအိမ်စွန့်ခွာ ထွက်ပြေးစေရုံသာမက ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေးနှင့် ဘေးကင်းရေး အစရှိသည့် အရေးကြီးသော ဝန်ဆောင်မှုများ ရရှိနိုင်မှုကို ဟန့်တားနှောင့်ယှက်လျက်ရှိကြောင်း ယူနီဆက်အနေဖြင့် မြန်မာနိုင်ငံတစ်ဝန်းရှိ ပဋိပက္ခဒဏ်သင့် ကလေးငယ်များနှင့် ၎င်းတို့၏ မိသားစုများအတွက် ကူညီ ထောက်ပံ့ပေးနေကြောင်းလည်း ထုတ်ပြန်သည်။

“နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ စိုးရိမ်ပူပန်မှုတွေကို အသိအမှတ်ပြုပါတယ်။ ထိရောက်တဲ့ အကူအ ညီတွေ ပေးဖို့က စိုးရိမ်ပူပန်မှုထက် ပိုအရေးကြီးပါတယ်။ ယူနီဆက်ရဲ့ အကူအညီတွေ စစ်ဘေးသင့် ကလေးငယ်တွေဆီ ရောက်ဖို့ အထူးလိုအပ်ပါတယ်”ဟု ရန်ကုန်အခြေစိုက် နိုင်ငံရေးဆောင်းပါးရှင်တစ်ဦးက MPA သို့ပြောသည်။

ပဋိပက္ခတွင် ပါဝင်ပတ်သက်နေသည့် အဖွဲ့အစည်းအားလုံးအနေဖြင့် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေများကို လိုက်နာစောင့်ထိန်းကြရန် ယူနီဆက်က တောင်းဆိုသည်။

ပုဏ္ဏားကျွန်းနှင့် မြင်းမူမြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် အနည်းဆုံး ကလေးငယ် ၅ဦး သေဆုံးပြီး ၃ဦးဒဏ်ရာရခဲ့သည်ဟုလည်း ယူနီဆက်က ထုတ်ပြန်ထားသည်။

ဖေဖေါ်ဝါရီ၂၄ရက်က ပုဏ္ဏားကျွန်းမြို့နယ်၊ယိုးငူရွာ ဗုံးကြဲခံရမှုကြောင့် ပြည်သူ ၁၈ဦး သေဆုံးခဲ့ပြီး ဖေဖေါ်ဝါရီ၂၃ရက်တွင် မြင်းမူမြို့နယ်၊ရွှေကျောင်းကန်ရွာ ဗုံးကြဲခံရမှုကြောင့် ပြည်သူ၁၀ဦး သေဆုံး ခဲ့သည်။