နတ်တလင်း တော်လှန်ရေးကင်းစခန်းတစ်ခုကို စစ်တပ် ဝင်စီး၊ အသက် ၂၀ အရွယ် PDF ရဲဘော် တစ်ဦး ကျဆုံး

ဓာတ်ပုံ - ပေးပို့
ပုံစာ - စစ်တပ်က မီးရှို့ဖျက်ဆီးထားသည့် နတ်တလင်းမြို့နယ်ရှိ ကျေးရွာတစ်ရွာ။ ( ပုံဟောင်း )

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ် ၊ ကံစုတာဂွရွာရှိ တော်လှန်ရေး ကင်းစခန်းတစ်ခုကို စစ်တပ်က ဝင်စီးခဲ့ရာ အသက်၂၀အရွယ် PDFရဲဘော်တစ်ဦးကျဆုံးခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီ ၂၅ ရက်၊ နံနက် ၅ နာရီခွဲခန့်က နတ်တလင်းမြို့နယ် ၊ ကံစုတာဂွရွာရှိ PDF ကင်းစခန်း တစ်ခုကို တောင်ညိုရွာမှ ထွက်လာသော စစ်သားအင်အား ၇၀ ခန့်ပါ စစ်ကြောင်းက ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

” ဒီမှာ ကင်းရှိတာကို သိလို့ ဝင်တိုက်တဲ့ပုံစံပါပဲ။ ဘယ်လိုသိပြီး ဝင်တိုက်လဲဆိုတာတော့ မသိရဘူး။ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုဖြစ်တာ မနက် ၈ ခွဲကျော်လောက်မှ ရပ်တယ်။ ဒရုန်းနဲ့ပါချတာ။ တိုက်ပွဲက တော်တော်ပြင်းထန်တယ်။ သူတင်ကိုယ်တင် ချကြတာ။ ကိုယ်ဘက်က ရဲဘော်တစ် ယောက်ကျတယ်။ ဒဏ်ရာရတာ ၄ယောက်ရှိတယ်” ဟု နတ်တလင်းမြို့နယ် စစ်ရေးသတင်းရင်းမြစ် က MPA ကို ပြောသည်။

ကျဆုံးသွားသည့်ရဲဘော်မှာ သာယာဝတီခရိုင် တပ်ရင်း ၁၊ တပ်ခွဲ ၂ မှ အမျိုးသားတစ်ဦးဖြစ်ကြောင်း သိရသည်။

” ရန်သူဘက်ကလည်း ထိခိုက်မှုရှိနိုင်ပေမဲ့ အဲဒီကင်းကနေ တော်လှန်ရေးဘက်က ပြန်ဆုတ်လိုက် ရတယ်။ ဒီမနက်ထိလည်း အဲနေရာကနေ စစ်ကြောင်းမထွက်သေးတော့ ဘယ်လိုအခြေအနေရှိ နေလဲမသိရသေးဘူး” ဟု ၎င်းက ဆက်လက်ပြောသည်။

ဖေဖော်ဝါရီ ၁၂ ရက်နဲ့ ၁၃ ရက်က ကွင်းစမ်း၊ ညောင်လှနှင့် ရွာသာယာကျေးရွာကို စစ်ကြောင်း ဝင်ရောက်ကာ ယင်းရွာများအား မီးရှို့ဖျက်ဆီးခဲ့သေးသည်။

စစ်ကော်မရှင်ဝါဒဖြန့်ချန်နယ်များက နတ်တလင်းမြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးကာ PDF များကို ရှင်းလင်းရန်လှုံ့ဆော်လျက်ရှိသည်။