မိတ်ဆွေချင်းကြား အဆင်ပြေရဲ့လားဆိုတဲ့ မေးခွန်းဟာ မြန်မာ့လူမှုရေးရာမှာ ဒိတ်အောက်သွား ခဲ့တာ နည်းနည်းတောင်ကြာပြီ။
အဆင်ပြေရဲ့လားဆိုတာ မေးစရာမလိုလောက်အောင် အဆင်ပြေတဲ့သူက ရှားပါးလာတာကြောင့် လည်း ပါတယ်။
ကိုယ်စီအဆင်မပြေမှုတွေက အုန်းအုန်းထနေပြီး တစ်ယောက်နဲ့ တစ်ယောက် ဖေးမကူ ညီ နိုင်စွမ်း မရှိတော့တာကြောင့် အဆင်မပြေမှုတွေကို မသိချင်ယောင်ဆောင်လိုက်ကြတာလည်း ပါတာ ပေါ့။ ဘယ် လိုပဲဖြစ်ဖြစ် ပြောရလွယ်သလောက် အင်မတန်ရင်ဆိုင်ရခက်တဲ့ အဲဒီအဆင်မပြေမှုဆိုတာကြီးက ဒီ ခေတ်ဆိုး ကြီးထဲ ယဉ်ကျေးမှု တစ်ခုလို အမြစ်တွယ် အညွှန့်တလူလူတက်နေတာ တားမရ။
ဘာပဲဖြစ်ဖြစ် သရော်တော်တော်လုပ်တတ်တဲ့ ရန်ကုန်မြေဖွား ဦးလေးက “အဆင်မပြေလို့ လမ်းထိပ်လက်ဖက်ရည်ဆိုင်မှာ သွားငိုင်မိတော့မှပဲ ကိုယ်လို အဆင်မပြေတဲ့သူ တော်တော် များနေမှန်း သိပြီး အားတက်ရတယ်”လို့ ရယ်ကျဲကျဲနဲ့ ဆိုတယ်။
အဲဒီဦးလေးက အသက်၅၀ကျော်ပြီဖြစ်တဲ့ ဂျီတီအိုင်ကျောင်းဆင်း အင်ဂျင်နီယာ။သူ့ဘဝတစ်သက် တာ အင်ဂျင်နီယာအလုပ်တွေ တစ်ခုပြီးတစ်ခု လုပ်ကာ စွယ်စုံရအင်ဂျင်နီယာအဖြစ် အဆင်တပြေဖြတ်သန်း လာခဲ့ရာကနေ NLDအစိုးရ သက်တမ်းတစ်ဝက်ကျော်ရောက်တော့ အသေးစားဆောက်လုပ်ရေးလုပ်ငန်းရှင် အဖြစ် ခြေစုံပစ်။ စေတနာမှန်ပြီး ကျွမ်းကျင်မှုလည်း ရှိတာကြောင့် အမြဲတစေ အဆောက်အအုံ ၂လုံး၊၃လုံး လောက် တစ်ပြိုင်နက် ဆောက်နေရတာချည်း။ကိုယ်ပိုင်ကားလေးတစ်စီးနဲ့ နေ့စဉ်အလုပ်ဆိုဒ်တွေဆီပတ်ကာ အလုပ်များသလောက် အကျိုးပေးလည်းသန်လှ။
စစ်တပ်က အာဏာသိမ်းတော့ ခပ်ပြင်းပြင်း ဘရိတ်ဆွဲလိုက်သလိုမျိုး အလုပ်တွေ တုံးခနဲ ရပ်သွား တယ်။သူကိုယ်တိုင်ကလည်း အလုပ်လုပ်ချင်စိတ်မရှိ။နေ့စဉ် သူတို့ကျောင်းနေဘက်တွေ လှည်းတန်းမှာ စုရပ်၊ စစ်ကောင်စီကို လက်သီးလက်မောင်းတန်း တော်လှန်။
၂၀၂၂ခုနှစ်ကျမှ ဆောက်လုပ်ရေးလုပ်ငန်းခွင်ထဲ ခြေဦးပြန်လှည့်တော့ အရင့်အရင်တုန်းကနေ တခြား စီ ထမင်းစားလို့ရတယ်ဆိုရုံမျှ။တခြားဘာလုပ်ရကောင်းမလဲလို့ မျက်စိရှင်ရှင်ထား ရှာကြည့်တော့ သူလုပ် တတ်တဲ့ အင်ဂျင်နီယာအလုပ်မှန်သမျှက ပြာနေတာချည်းမို့ သူ့ချည်တိုင် ဆောက်လုပ်ရေးအလုပ်မှာသာ ရပ် နိုင်အောင် ကြိုးစားရတယ်။
“၂၀၂၃မှာ နည်းနည်းကောင်းလာသလို ရှိတော့ ၂၀၂၄ကို မျှော်လင့်ခဲ့တယ်။၂၀၂၄မှာ အလုပ်သွက်လာ ပြီးတော့မှ သွင်းကုန်လိုင်စင်တွေကို စစ်ကောင်စီက ကျပ်လိုက်တော့ အဲဒီအချိန်ကစပြီး ဆောက်လုပ်ရေးပ စ္စည်းတွေ ဈေးကမောက်ကမဖြစ်ပြီး တိုင်ပတ်တော့တာ”လို့ သူက ဆိုတယ်။
၂၀၂၄ နှစ်ကုန်ပိုင်းကစလို့ ဆောက်လုပ်ရေးပစ္စည်းဈေးတွေက ပြတ်ပြတ်သားသား မိုးထိထောင်တက် လာလို့ လုပ်ငန်းရှင်တွေ ပြာကြရတယ်။ဆောက်လုပ်ရေးလုပ်ငန်းရဲ့ သဘောက ဒီအိမ်တစ်လုံးကို ပိုက်ဆံဘယ် လောက်နဲ့ ဘယ်အချိန်အပြီး ဆောက်လုပ်ပေးပါ့မယ်လို့ ဆောက်လုပ်လိုသူနဲ့ လုပ်ငန်းရှင် ကြိုတင်စာချုပ်ချုပ် ပြီးသား။ ပစ္စည်းဈေး ဝုန်းဒိုင်းကြဲခုန်တက်သွားတာကြောင့် ပိုက်ဆံတိုးတောင်းလို့ မရတာမို့ လုပ်ငန်းရှင် တွေ အသက်ငင်။
NLDအစိုးရလက်ထက်တုန်းက ဝန်ထမ်းအင်အား၆၀ကျော်နဲ့ လည်ပတ်နေတဲ့ သူ့သူငယ်ချင်းရဲ့ အဲကွန်းကုမ္ပဏီဆိုရင်လည်း ၂၀၂၃ခုနှစ်ရောက်တော့ ကုမ္ပဏီမပျက်ရုံတမယ် မရှိမဖြစ် ဝန်ထမ်းအင်အား ၁၀ယောက်လောက်နဲ့ လိမ်ဖယ်လိမ်ဖယ်။အဲကွန်းတစ်ခုတည်းနဲ့ ရပ်တည်ဖို့အဆင်မပြေတော့လို့ အင်ဂျင် နီ ယာ ဘာသာရပ်နဲ့ ဘာမှမဆိုင်တဲ့ တခြားအလုပ်ကိုပါ လုပ်နေရ။ဒီခေတ်ကြီးထဲ အနည်းဆုံးအလုပ်၂ခုလောက် လုပ်တာတောင် အသက်ရှူမဝချင်ဘူးလို့ သူက ပြန်ပြောပြတယ်။
ဒါနဲ့ သေလည်းမသေသေး၊ မိသားစုလည်း အငတ်မခံနိုင်သေးတာကြောင့် သူလည်းပဲ ခရီးသွားဟန်လွဲ အိမ်နဲ့ကား အရောင်းအဝယ်ပွဲစားလုပ်မိရာကနေ အခုတော့ ပွဲစားကြီးလုံးလုံးကို ဖြစ်ရော။
၂၀၂၅ခုနှစ်မှာလည်း သွင်းကုန်လိုင်စင်တွေမကျလို့ ဆောက်လုပ်ရေးပစ္စည်းတွေ ဈေးထပ်တက်ရာက နေ မတ်လ၂၈ရက်၊စစ်ကိုင်းငလျင်ကြီး လှုပ်ခတ်အပြီး ရန်ကုန်မှာ ဘိလပ်မြေတောင် ဝယ်မရတော့တဲ့အခြေ။ ဆောက်လက်စအိမ်၂လုံးကို ခပ်ဖြည်းဖြည်းဆောက်ကာ သင်္ကြန်အပြီးမှာ ဈေးကျမလားလို့ မှေးလုပ်နေရာ ကနေ ဘာဈေးမှ ကျမလာတာနဲ့ ဆောက်လက်စတွေ မြန်မြန်လက်စသတ်ကာ ဆက်အရှုံးမခံနိုင်တော့တာ ကြောင့် ကန်ထရိုက်ဘဝကို တစ်ခန်းရပ်လိုက်ရတယ်။
“လုပ်မယ်ဆိုရင် နေပြည်တော်မှာ ငလျင်ထိထားတဲ့ အဆောက်အအုံတွေ ရှင်းတဲ့အလုပ်ရှိတယ်။ မြက် မြက်လေးရနိုင်ပေမဲ့ စစ်တပ်နဲ့ပေါင်းစားရမှာမို့ မလုပ်တော့ဘူး”လို့ သူကဆိုတယ်။
ကန်ထရိုက်က အလုပ်ရပ်တော့ သူ့ပင်တိုင် နေ့စားအလုပ်သမား ၂၀ကျော်တို့လည်း ဆောက်တည် ရာမဲ့ကာ ရရစားစား။ကျပန်းအလုပ်လုပ်သူကလုပ်၊၂လုံးလောင်းကစားကော်မရှင်စား၊ဘေးတွဲမောင်း သမား၊ ပျူစောထီးအ မည်ခံ လူမိုက်တွေဆီ တပည့်ခံကာ WY စိတ်ကြွဆေးပြားရောင်းသူကရောင်းနဲ့ ဘဝတွေကို ရ သလို ချိုးကွေ့ကြရ။
“မိသားစု၂၀ကျော်လောက် အထိုင်ပျက်သွားမယ်မှန်း သိပေမဲ့ ကိုယ်လည်း ပြာနေပြီမို့ မျက်စိစုံမှိတ် လိုက်ရတယ်”လို့ သူက ဆက်ပြောတယ်။သူ့သူငယ်ချင်း အင်ဂျင်နီယာတစ်ယောက်ဆိုရင်လည်း ကိုယ်ပိုင် အ လုပ်ပျက်ပြီး အိမ်ထောင်ရေးပါ ပျက်ကာ စင်ကာပူသို့ တစ်ကျော့ပြန် ကုမ္ပဏီဝန်ထမ်းဘဝ ပြန်ခံယူနေရပြီလို့ လည်းဆိုတယ်။
အခု အိမ်နဲ့ကား ပွဲစားလည်း လုပ်။စင်ကာပူနဲ့ထိုင်းကို မြန်မာတွေအသုံးများတဲ့ ပစ္စည်းတွေလည်း ပို့။ သူ့မိန်းမလုပ်ရောင်းနေတဲ့ အစ်ကိုကာလသားတို့မြည်းစရာ အခြောက်အခြမ်းတွေလည်း ပို့နဲ့ ဘဝမှာ အိပ်မက် တောင် မမက်ခဲ့ဘူးတဲ့ အလုပ်တွေနဲ့ ရန်ကုန်ကနေ လွင့်မသွားရအောင် ချွေးဒီးဒီးကျ။အသက်၅၀ကျော်ပေမဲ့ စစ်မှုထမ်းအတွက် ပေါ်တာအဆွဲမခံရအောင် မျက်စိလျင်လျင်ထား၊ ညနေစောင်းတာနဲ့ အိမ်မြန်မြန်ပြန်ပြေးရ။
ရန်ကုန်မှာလူလတ်တန်းစားဘဝတွေတောင် အရေးပေါ်ခန်းထဲမှာ နေ့လားညလား။ရန်ကုန်မှာ ဈေး ကပြန်လာတဲ့ အိမ်ရှင်မတွေ ကုန်ဈေးနှုန်းကြောင့် ရူးမသွားအောင် စိတ်ထိန်းထားရ။ရန်ကုန်မှာ သေချင်နေ သူတွေနဲ့ အသေသတ်ချင်သူတွေနဲ့ အခု သိန်း၁၀၀ရဲ့ဟိုဘက် တော်တော်စွန်းသွားတဲ့ ရွှေဈေးကို စစ်တပ်က လက်ထိပ်ခတ်ခြိမ်းခြောက်ကာ မဟားတရားဆွဲချပစ်ပေမဲ့ သိန်း၁၀၀အောက် မဆင်းတော့တာ အားလုံး မြင် တဲ့အတိုင်းပဲ။ရန်ကုန်မှာ ဘယ်သူမှ မရယ်နိုင်၊ငူငူငေါင်ငေါင်တွေချည်းပဲ။
ရန်ကုန်မှာ ပွက်ပွက်ဆူနေအောင် တွေးနေကြတယ်။ မနက်ဖြန် စားစရာ ဘယ်မှာလဲ?
