ထိုင်းနှင့် မြန်မာနယ်စပ်နှစ်ဖက်စလုံးရှိ ပြည်သူများ၏ ကျန်းမာရေးကို ခြိမ်းခြောက်နေသည့် အဆိပ်အတောက်ဖြစ်စေသော ရေစီးဆင်းမှု၏ အရင်းအမြစ်ကို ဖော်ထုတ်ရန်အတွက် မြန်မာနိုင်ငံ ရှမ်းပြည်နယ်အတွင်းမှ ရေနမူနာများ ကောက်ယူရာတွင် ကူညီပေးရန် ထိုင်းနိုင်ငံက ဂျပန်နိုင်ငံ၏ ပံ့ပိုးကူညီမှုကို တောင်းခံထားသည်။
ဂျပန်အစိုးရသည် ရေစစ်ထုတ်သည့်နည်းပညာနှင့် အနည်အနှစ်ဆိုင်ရာ လေ့လာမှုများတွင် ပူးပေါင်းဆောင်ရွက်ရန် ညစ်ညမ်းမှုထိန်းချုပ်ရေးဦးစီးဌာနနှင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း အဆိုပါဌာန၏ ညွှန်ကြားရေးမှူး ဆူရင် ဝိုရာကစ်သမ်ရောင်က ချင်းရိုင်ခရိုင်ရှိ ကော့မြစ်အတွင်း ရေအရည်အသွေး စမ်းသပ်စစ်ဆေးမှု ပြုလုပ်စဉ် ဖေဖော်ဝါရီ ၂၅ ရက်က ပြောကြားခဲ့သည်။
ဂျပန်နိုင်ငံသည် ရေထုညစ်ညမ်းမှုကို ကိုင်တွယ်ဖြေရှင်းရန် ထိုင်းနိုင်ငံ၏ ဦးဆောင်ကြိုးပမ်းမှုတွင် ပါဝင်ရန် စိတ်အားထက်သန်နေပြီး မြန်မာနိုင်ငံတွင်လည်း အလားတူစီမံကိန်းများကို လုပ်ဆောင်ခဲ့ဖူးကြောင်း ၎င်းက ဆိုသည်။
“ရေနဲ့ အနည်အနှစ်နမူနာတွေမှာ ပါဝင်တဲ့ သတ္တုအဆိပ်အတောက်တွေကို စမ်းသပ်စစ်ဆေးဖို့ ဂျပန်က ကျွန်တော်တို့ကို ကူညီပေးသွားမှာပါ။ မကြာခင်မှာ ရှမ်းပြည်နယ်ကို သွားရောက်ဖို့ မျှော်လင့်ထားပါတယ်” ဟု ဆူရင်က ဆိုသည်။
ကော့မြစ်အတွင်း အာဆင်းနစ် (Arsenic) ဓာတ်များပါဝင်နေသည့် အဓိက အရင်းအမြစ်နှစ်ခုမှာ စိုက်ပျိုးရေးလုပ်ငန်းများ သို့မဟုတ် မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းများမှ ဖြစ်နိုင်ကြောင်း ၎င်းက ပြောသည်။
ထိုင်းအစိုးရ၏ ရေထုညစ်ညမ်းမှုထိန်းချုပ်ရေးဦးစီးဌာနက ကော့မြစ်တစ်လျှောက်တွင် ရေအရည်အသွေးနှင့် သတ္တုအဆိပ်အတောက် ပါဝင်မှုကို တိုင်းတာရန် စခန်း ၈ ခုနှင့် သံလွင်မြစ်တစ်လျှောက်တွင် စခန်း ၃ ခု တည်ဆောက်ရန် စီစဉ်ထားသည်။ အဆိုပါစခန်းများသည် ရေအရည်အသွေး ရလဒ်များကို အချိန်နှင့်တပြေးညီ ထုတ်ပြန်ပေးသွားမည်ဖြစ်ပြီး ပြည်သူများအား အသိပေးသွားမည် ဖြစ်သည်။
လတ်တလောစမ်းသပ်မှုအရ ရေနမူနာတွင် အာဆင်းနစ်ဓာတ် တစ်လီတာလျှင် ၀.၀၀၅ မီလီဂရမ် ပါဝင်နေသည်ကို တွေ့ရှိရပြီး ၎င်းမှာ ဘေးကင်းလုံခြုံမှုစံနှုန်းဖြစ်သည့် ၀.၁ မီလီဂရမ်/လီတာ ထက်မကျော်လွန်သည်ကို တွေ့ရှိရသည်။
ထိုကဲ့သို့သော စမ်းသပ်မှုများသည် ၈၀ ရာခိုင်နှုန်းခန့် တိကျမှုရှိသည်ဟု ယူဆကြသည်။
ချင်းရိုင်ခရိုင်အတွင်း ရေဘေးကင်းလုံခြုံမှု ရှိစေရန်အတွက် လာမည့်လတွင် မယ်ဆိုင်ခရိုင်၌ ရေပေးဝေရေးစက်ရုံသစ်တစ်ခု တည်ဆောက်ရန် ဘတ်ငွေ ၂.၂၅ ဘီလီယံကို အစိုးရအဖွဲ့ထံ တင်ပြအတည်ပြုချက် ရယူသွားမည် ဖြစ်သည်။
