အမေရိကန်နှင့် တင်းမာမှုများအပြင် ငြိမ်းချမ်းရေးဆွေးနွေးမှုများလည်း ရှိနေသော်လည်း မကြာသေးမီရက်ပိုင်းအတွင်း အီရန်၏ သင်္ဘောများပေါ်သို့ ရေနံတင်ဆောင်မှုနှုန်းမှာ အပတ်စဉ် ပျမ်းမျှနှုန်းထက် သုံးဆနီးပါး မြင့်တက်လာကြောင်း The Wall Street Journal က ဖော်ပြခဲ့သည်။
ကမ္ဘာလုံးဆိုင်ရာ ကုန်စည်အချက်အလက် ပံ့ပိုးပေးသည့် Kpler ဝဘ်ဆိုက်၏ အဆိုအရ မကြာသေးမီက ပျမ်းမျှနှုန်းမှာ တစ်ပတ်လျှင် ရေနံစိမ်းနှင့် ရေနံဆီ စုစုပေါင်း စည် ၁၀ သန်းခန့် ရှိခဲ့သော်လည်း၊ ပြီးခဲ့သည့်အပတ်တွင် အီရန်သည် ၂.၇ သန်းခန့် တင်ဆောင်ခဲ့ကြောင်းလည်း The Wall Street Journal က ဖော်ပြသည်။
Kpler မှ လေ့လာဆန်းစစ်သူများက ရေနံတင်ဆောင်မှု အများစုကို “အမှောင်ချ၍” လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ သင်္ဘောခြေရာခံစနစ်များနှင့် ဂြိုဟ်တုလမ်းညွှန်စနစ်များကို နှောင့်ယှက်ခြင်းဖြင့် စောင့်ကြည့်မှုကို ရှုပ်ထွေးစေခဲ့ကာ ဂြိုဟ်တုဓာတ်ပုံများမှတစ်ဆင့်သာ အတည်ပြုနိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။
တရုတ်နိုင်ငံက အီရန်ထံမှ ရေနံဝယ်ယူမှု လျော့နည်းလာသောကြောင့် အီရန်ရေနံစည်များသည် ပင်လယ်ပြင်တွင် စုပုံလာနေကြောင်း၊ ရေပေါ်တွင် သိုလှောင်ထားသည့် ရေနံပမာဏမှာ စည် သန်း ၂၀၀ နီးပါး ရှိနိုင်ကြောင်းလည်း အဆိုပါသတင်းတွင် ပါရှိသည်။
ဒေါ်လာသန်းပေါင်းများစွာ တန်ဖိုးရှိသည့် အီရန်၏ ရေနံနှင့် ရေနံဓာတုပစ္စည်း ပူးပေါင်းသယ်ယူပေးနေသည့် မှောင်ခိုသင်္ဘော ၁၂ စီးနှင့် ပိုင်ရှင် သို့မဟုတ် လုပ်ငန်းရှင်များကို အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၂၅ ရက်တွင် ဒဏ်ခတ်ပိတ်ဆို့မှုများ ပြုလုပ်ခဲ့သည်။
အဆိုပါ မှောင်ခိုသင်္ဘောများသည် များသောအားဖြင့် သက်တမ်းရင့်သင်္ဘောများဖြစ်ပြီး ပိုင်ဆိုင်မှုမှာ မရှင်းလင်းဘဲ၊ နိုင်ငံတကာရေနံကုမ္ပဏီကြီးများနှင့် ဆိပ်ကမ်းများက သတ်မှတ်ထားသော အဆင့်မြင့်အာမခံချက်များ မရှိဘဲ ခုတ်မောင်းနေကြခြင်းဖြစ်သည်။
“အီရန်ဟာ တရားမဝင်ရေနံတွေကို ရောင်းချဖို့၊ ရရှိလာတဲ့ငွေတွေကို ခဝါချဖို့၊ သူတို့ရဲ့ နျူကလီးယားနဲ့ သမရိုးကျလက်နက်စီမံကိန်းတွေအတွက် အစိတ်အပိုင်းတွေဝယ်ယူဖို့နဲ့ သူတို့ရဲ့ အကြမ်းဖက်ကိုယ်စားလှယ်အဖွဲ့တွေကို ထောက်ပံ့ဖို့အတွက် ဘဏ္ဍာရေးစနစ်တွေကို အသုံးချနေပါတယ်” ဟု ဘဏ္ဍာရေးဝန်ကြီး စကော့ ဘတ်ဆင့်က ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။
