မန်းသံပုရာကန်ရေနံချက်စက်ရုံ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခံရဟုဆို

ဓာတ်ပုံ - MOI
ပုံစာ - ဇန်နဝါရီ ၂၃ ရက်က မန်းသံပုရာကန်ရေနံချက်စက်ရုံ မီးလောင်နေစဉ်။

မကွေးတိုင်း၊ အထက်မင်းလှမြို့နယ်ရှိ မန်းသံပုရာကန်ရေနံချက်စက်ရုံကို တော်လှန်ရေးတပ်များက ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ယနေ့ ( ဖေဖော်ဝါရီ ၂၇ရက် ) နံနက် ၁ နာရီ ၅မိနစ်ခန့်တွင် အထက်မင်းလှမြို့နယ်ရှိ မန်းသံပုရာကန် ရေနံချက်စက်ရုံကို တော်လှန်ရေးတပ်များက ရှော့တိုက်ဒုံး ၃လုံးဖြင့် ပစ်ခတ်ခဲ့ရာ ယင်းစက်ရုံ အရာရှိ လိုင်းခန်းသို့ ၂လုံးကျရောက်ခဲ့ပြီး ယင်းစက်ရုံနှင့် ၅မိုင်အကွာက မဲဇလီတောကျေးရွာသို့ တစ်လုံး ကျ ရောက်ခဲ့ကြောင်း သိရသည်။

” ရေနံချက်စက်ရုံအရာရှိလိုင်းခန်းထဲကို ကျတာကြောင့် အမျိုးသမီးတစ်ဦး အပြင်းအထန်ဒဏ်ရာ ရရှိပါတယ်။ ကျန်တဲ့ ထိခိုက်မှုအခြေအနေကို မသိရသေးပါဘူး။ မဲဇလီတောကျေးရွာကကျ ရွာသုသာန်ထဲကို ကျတာပါ ” ဟု အထက်မင်းလှမြို့နယ် စစ်ရေးသတင်းရင်းမြစ်က MPA ကို ပြောသည်။

မဲဇလီတောကျေးရွာသည် မလွန်မြို့အခြေစိုက် အမှတ် ၂ ကာကွယ်ရေးပ စ္စည်းစက်ရုံ ( ကပစ ၂ ) နှင့် ၂မိုင်ခွဲခန့်အကွာတွင် တည်ရှိသည်။

” ရှော့တိုက်ဒုံးနဲ့ ပစ်ခံရတဲ့နေရာတွေကို မလွန်တပ်နယ်နှင့် မင်းဘူးတပ်နယ်က‌ စစ်ကော်မရှင်စစ် ကြောင်းတွေ ရောက်လာပြီး နယ်မြေရှင်းလင်းရေးလုပ်နေတယ်လို့တော့ ကနဦးသိထားရပါတယ် ” ဟု ၎င်းက ဆက်လက်ပြောသည်။

ယင်းတိုက်ခိုက်မှုကြောင့် မန်းသံပုရာကန်ရေနံချက်စက်ရုံ၏ ထိခိုက်မှုများကို MPA က ဆက်လက် စုံစမ်းနေသည်။

ယနေ့ မွန်းလွဲ ၃နာရီခွဲခန့်အထိ ယင်းတိုက်ခိုက်မှုနှင့်ပတ်သက်ပြီး တော်လှန်ရေးတပ်ဖွဲ့များက သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။

ဇန်နဝါရီ ၂၃ ရက်က မန်းသံပုရာကန်ရေနံချက်စက်ရုံတွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ ရေနံစိမ်းဂါလံ ၃၅၀ခန့် ဆုံးရှုံးခဲ့ကြောင်း စစ်ကော်မရှင်က သတင်းထုတ်ပြန်ထားသည်။

မန်းသံပုရာကန် ရေနံချက်စက်ရုံသည် မြန်မာနိုင်ငံတွင် လေယာဉ်ဆီပါ ချက်လုပ်နိုင်သည့် အကြီးဆုံး ရေနံချက်စက်ရုံ ဖြစ်ကာ တစ်နှစ်လျှင် ရေနံတန်ချိန် ၂သန်းအထိ ချက်လုပ်နိုင်ရန် တရုတ်နိုင်ငံနှင့် ပူးပေါင်း ပြင်ဆင်နေကြောင်း စစ်ကော်မရှင်ခန့် စွမ်းအင်ဝန်ကြီး ကိုကိုလွင်က ဇန်နဝါရီ ၂၁ရက်တွင် ပြောကြားထားသည်။