မလေးရှားအရှေ့ပိုင်း ဆာဘားပြည်နယ်တွင် ရေကြီးမှုများ ဆက်လက်ဖြစ်ပွားနေပြီး လူ ၆,၀၀၀ ခန့်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းထားရ

ဓာတ်ပုံ - Bernama
ပုံစာ - မလေးရှားနိုင်ငံ အရှေ့ပိုင်း ဆာဘားပြည်နယ်တွင် ရေကြီးမှု ဖြစ်ပွားနေစဉ်

မလေးရှားနိုင်ငံ အရှေ့ပိုင်း၊ ဆာဘား ) ပြည်နယ်၏ အတွင်းပိုင်းနှင့် အနောက်တောင်ပိုင်း ခရိုင်များတွင် စိုးရိမ်ဖွယ်ရာ ရေကြီးရေလျှံမှုများ သုံးရက်မြောက် ဆက်လက်ဖြစ်ပွားနေသဖြင့် လူပေါင်း ၆,၀၀၀ နီးပါးမှာ ခိုလှုံရာစခန်းများသို့ ရွှေ့ပြောင်းခဲ့ကြရသည်။

ပြည်နယ်အတွင်းပိုင်းရှိ တီနွန် (Tenom) နှင့် ဆွတ် (Sook) ဒေသများအပြင် အနောက်တောင်ဘက် ကမ်းရိုးတန်းရှိ ဗျူးဖို့တ် (Beaufort)၊ မမ်ဘာကွတ် (Membakut) နှင့် ဆီပီတန်း (Sipitang) ဒေသတို့တွင် အိမ်ထောင်စုပေါင်း ၂,၀၆၇ စုမှ ဒေသခံ ၅,၈၆၀ ဦးမှာ ရေဘေးသင့်လျက်ရှိသည်။

ဆာဘားပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ ကွပ်ကဲမှုဗဟိုဌာန၏ ထုတ်ပြန်ချက်အရ တီနွန်ဒေသမှာ ရေဘေးဒဏ် အဆိုးရွားဆုံး ခံစားနေရပြီး ကျေးရွာပေါင်း ၄၆ ရွာမှ အိမ်ထောင်စု ၁,၂၀၇ စု၊ လူဦးရေ ၃,၅၄၄ ဦး ရေဘေးသင့်နေကြောင်း သိရသည်။

ဖေဖော်ဝါရီ ၂၅ ရက်ကတည်းက စတင်ခဲ့သော ဤရေကြီးမှုကြောင့် ဖေဖော်ဝါရီ ၂၇ ရက် မွန်းတည့်ချိန်အထိ ကျေးရွာပေါင်း ၁၄၆ ရွာ ထိခိုက်ခဲ့ပြီး ရေဘေးသင့်ပြည်သူများကို ကယ်ဆယ်ရေးစခန်း ၂၉ ခုတွင် နေရာချထားပေးသည်။

ကျောင်းပေါင်း ဒါဇင်နှင့်ချီမှာလည်း ရေဝင်ခြင်း သို့မဟုတ် သွားလာရေးလမ်းကြောင်းများ ရေနစ်မြုပ်ခြင်းတို့ကြောင့် ထိခိုက်လျက်ရှိပြီး အချို့ကျောင်းများကို ယာယီကယ်ဆယ်ရေးစခန်းများအဖြစ် အသုံးပြုနေရသည်။

ကိုတာကင်နာဘာလူ (Kota Kinabalu) မှ ဗျူးဖို့တ်သို့ ပြေးဆွဲသည့် ရထားခရီးစဉ်များမှာလည်း အဆိုပါ မြေနိမ့်ပိုင်းဒေသ ရေကြီးမှုကြောင့် ပြတ်တောက်လျက်ရှိပြီး ယင်းဒေသမှာ ၂၀၂၆ ခုနှစ်အတွင်း တတိယအကြိမ်မြောက် ရေကြီးခြင်း ဖြစ်သည်။

လက်ရှိအချိန်အထိ သေဆုံးသူစာရင်း မရှိသေးသော်လည်း သီးနှံများ၊ မွေးမြူရေးတိရစ္ဆာန်များနှင့် အိုးအိမ်ပိုင်ဆိုင်မှုများ အမြောက်အမြား ပျက်စီးနိုင်ကြောင်း တာဝန်ရှိသူများက ခန့်မှန်းထားကြသည်။