ဂန့်ဂေါမြို့စောင့်တပ် အကြီးအကဲပြောင်း၊ မြို့အနီးရှိ PDF စိုးမိုးနယ်မြေများသို့ ထိုးစစ်ဆင်လာနိုင်

ဓာတ်ပုံ - ယောအလင်းတန်း
ပုံစာ - ဂန့်ဂေါမြို့အဝင်

မကွေးတိုင်း ၊ ဂန့်ဂေါမြို့စောင့်တပ်တွင် ခေါင်းဆောင်ပိုင်း အပြောင်းအလဲ ပြုလုပ်လာသောကြောင့် မြို့အနီးရှိ PDF စိုးမိုးနယ်မြေများကို ထိုးစစ်ဆင်နိုင်ခြေရှိကြောင်း သိရသည်။

ဖေဖော်ဝါရီ ၂၆ ရက်၊မွန်းလွဲ ၁၂ နာရီခွဲ‌ကျော်တွင် ဂန့်ဂေါမြို့ အခြေစိုက် ခလရ ၅၀ တပ်သို့ တပ်မ ၉၉ မှ စစ်ကြောင်းမှူးတစ်ဦးနှင့် အင်အား ၁၅ ဦးထက်မနည်းသည့် အဖွဲ့ Mi 17 ရဟတ်ယာဉ်ဖြင့် ရောက် ရှိလာပြီး တာဝန်ထမ်းဆောင်နေသည့် တပ်မ ၃၃ မှ တပ်ရင်းမှူးနှင့်အဖွဲ့ကို ယင်းရဟတ်ယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်သွားကြောင်း ယောအလင်းတန်းအဖွဲ့က ထုတ်ပြန်ထားသည်။

“တပ်ဘက်က အကြီးပိုင်းတွေအပြောင်းအလဲလုပ်လာလို့ မြို့အနီးက တော်လှန်‌ရေးအဖွဲ့တွေ ထိန်း ချုပ်ထားတဲ့နယ်မြေတွေကို ပြန်လည်ထိုးစစ်ဆင်လာနိုင်တာမျိုးတွေဖြစ်လာနိုင်တယ်ဗျ။ လက်ရှိအ ချိန်ထိကတော့ စစ်ရေးလှုပ်ရှားမှုတွေ မတွေ့ရှိရသေးပါဘူးဗျ”ဟု ယောအလင်းတန်းမှ တာဝန်ရှိသူ တစ်ဦးက MPA သို့ပြောသည်။

တပ်မ ၃၃ မှ တပ်ရင်းမှူးနှင့်အဖွဲ့သည် ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၉ ရက်တွင် ဂန့်ဂေါမြို့သို့ Mi 17 ရဟတ်ယာဉ်ဖြင့် ရောက်လာခြင်းဖြစ်ပြီး တစ်လကျော်ခန့်သာ တာဝန်ထမ်းဆောင်ရကြောင်း သိရသည်။
“ကင်းပုန်း၀ပ်တာတွေကတော့ အရင်အတိုင်းပဲလို့သိရတယ်ဗျ။ မြို့မြောက်ဘက် မြို့အ၀င်မှာရှိတဲ့ နေရာအချို့မှာပါဗျ။ နောက်ပြီး မြို့အနောက်ဘက် မြစ်သာမြစ်ကမ်းဘေးနေရာအချို့မှာ ကင်း၀ပ် တာပါ၊ ကင်းပုန်းကလည်း ၅၀တပ်ကနေပဲထွက်ရတာပါ”ဟု ၎င်းကဆက်လက်ပြောသည်။

ယင်းသို့သောအခြေအနေများကြောင့် ဒေသခံများအနေဖြင့် မြို့ပေါ်နှင့် တပ်စခန်းများအနီးသို့ မလိုအပ်ဘဲ သွားလာခြင်း မပြုလုပ်ကြရန်နှင့် သတိပြုနေထိုင်ကြရန်လည်း ယောအလင်းတန်းက တိုက်တွန်းထားသည်။

စစ်ကော်မရှင်သည့် ဂန့်ဂေါမြို့ပေါ်နှင့် မြို့အနီးရှိ အောင်မြင်ရွာတို့ကိုသာ ထိန်းချုပ်ထားနိုင်ကြောင်း သိရသည်။