မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ဥက္ကဋ္ဌ ဦးအေးဝင်းသည် ၎င်း၏ ရာထူးသက်တမ်းကို အတင်းအဓမ္မ ဆွဲဆန့်နိုင်ရန်အတွက် အသင်း၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းများကို အရေးပေါ်ပြင်ဆင်ရန် ကြိုးပမ်းနေကြောင်း အသင်းနှင့် နီးစပ်သည့် စီးပွားရေးလုပ်ငန်းရှင် တစ်ဦးထံမှ စုံစမ်းသိရှိရသည်။
ပြီးခဲ့သည့်ရက်ပိုင်းအတွင်း MPA က ဖော်ပြခဲ့သည့် ဦးအေးဝင်း၏ သက်တမ်းတိုးရန် ကြိုးပမ်းမှုသတင်း ထွက်ပေါ်လာပြီးနောက် အသင်းအတွင်းပိုင်း၌ လှုပ်ခတ်ခဲ့ပြီး ယမန်နေ့( ဖေဖော်ဝါရီ ၂၇ ရက်) က ဥက္ကဋ္ဌဟောင်းများ၊ အကြံပေးများနှင့် ဝန်ထမ်းအကြီးပိုင်းများသာ ပါဝင်သည့် အရေးပေါ်အစည်းအဝေးတစ်ရပ်ကို ခေါ်ယူခဲ့သည်။
“သူတို့သတင်းပါတော့လန့်နေတယ်။ မနေ့က အကြံပေးတွေခေါ်ပြီး အစည်းဝေးလုပ်တယ်။ ဖွဲ့စည်းပုံစည်းမျဉ်းတွေပြန်ပြင်မှာ။ မတ်လ ၂၀ ရက်နေ့မှာ အစည်းအဝေးရှိတယ်။ သတင်းစာမှာ ကြော်ငြာထည့်ထားတယ်။ ဒါပေမဲ့သူက ဂျပုလိုပဲ (မင်းအောင်လှိုင်) ဘယ်သူဘာပြောပြောလုပ်မှာ”ဟု UMFCCI) နှင့် နီးစပ်သည့် လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
အဆိုပါ အစည်းအဝေးတွင် ဦးအေးဝင်းသည် ၎င်း၏ရာထူးသက်တမ်းကို ၂၀၃၀ ပြည့်နှစ်အထိ ငါးနှစ်သက်တမ်းအဖြစ် ပြောင်းလဲနိုင်ရန် ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းကို ပြင်ဆင်ရန် အတင်းအကျပ် ဖိအားပေးနေခြင်းဖြစ်သည်။
စစ်ခေါင်းဆောင်မင်းအောင်လှိုင်နှင့် နီးစပ်သူဖြစ်သောကြောင့် သူ့လုပ်ရပ်များအတိုင်း ဘယ်သူဘာပြောပြော ဂရုမစိုက်ဘဲ ၎င်းဖြစ်ချင်သည်ကိုသာ ဇွတ်လုပ်ဆောင်နေခြင်းဖြစ်ပြီး မတ်လ ၂၀ ရက် အစည်းအဝေးသည် ၎င်းပြင်ဆင်ထားသည့် ဖွဲ့စည်းပုံအသစ်ဖြင့် အာဏာတည်မြဲရေးကို အဆုံးသတ်အတည်ပြုရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း စုံစမ်းသိရှိရသည်။
UMFCCI တွင် ပုံမှန်အားဖြင့် သုံးနှစ်တစ်ကြိမ် ရွေးကောက်ပွဲကျင်းပလေ့ရှိသော်လည်း ဦးအေးဝင်းက နိုင်ငံတော်ပေါ်လစီကို အကြောင်းပြကာ ၂၀၂၅-၂၀၂၈ သက်တမ်းကို ကျော်လွန်၍ ငါးနှစ်အထိ ဆွဲဆန့်ရန် ကြိုးပမ်းနေခြင်းဖြစ်သည်။
“သုံးနှစ်တကြိမ်လုပ်ပြီးရင် EC၊ CEC တွေက သူတို့လည်းဖြစ်ချင်မှာပဲ။ အမှန်တော့ ဒုတိယဉက္ကဋ္ဌ တွေလည်း လုပ်ချင်တယ်။ မအလနဲ့ တိုက်ရိုက်ဆက်သွယ်ခွင့်ရတော့ ခွင် (ဂွင်) ကောင်းတဲ့နေရာကြီးပေ့ါ။ ဒါပေမဲ့ အမုန်းမခံချင်ကြဘူး။ အေး၀င်းကို တိုက်ရိုက်မပြောချင်ကြဘူး။ လုပ်ချင်တာပေါ့။ ဒုတိယ ဥက္ကဋ္ဌက ၇ ယောက်ရှိတယ်”ဟု နောက်ထပ် အရင်းအမြစ်တစ်ဦးက ရှင်းပြသည်။
၎င်းတို့သည်လည်း ဥက္ကဋ္ဌရာထူးကို ရယူလိုကြသော်လည်း ဦးအေးဝင်းနှင့် တိုက်ရိုက်ထိပ်တိုက်တွေ့ရန် သို့မဟုတ် အမုန်းခံရန် ကြောက်ရွံ့နေကြသည့်အတွက် နှုတ်ဆိတ်နေကြရပြီး အဆိုပါ လုပ်ငန်းစဉ်များတွင် အသင်း၏ အထွေထွေအတွင်းရေးမှူးချုပ်ဖြစ်သူ အထည်ချုပ်လုပ်ငန်းရှင် ဒေါ်ခိုင်ခိုင်နွယ်ကလည်း ဦးအေးဝင်းဘက်မှ ဝန်းရံပေးနေသူအဖြစ် ဝေဖန်ခံနေရသည်။
ဦးအေးဝင်းသည် ယခင်သက်တမ်းများတွင် အတော်အသင့် ကောင်းမွန်သည်ဟု ယူဆရသော်လည်း လက်ရှိတွင် ဝန်ထမ်းများအပေါ် အခွင့်အရေး ချိုးဖောက်မှုများ ရှိနေကြောင်းလည်း စုံစမ်းသိရှိရသည်။
ဝန်ထမ်းများကို လစာတိုးပေးရန် ငြင်းဆန်ခြင်း၊ အလုပ်ချိန်များကို အလွန်အမင်း ကျပ်မတ်ခြင်းနှင့် ခံစားခွင့်များ ဖြတ်တောက်ခြင်းတို့ကြောင့် အသင်းဝန်ထမ်းများကြားတွင် မကျေနပ်မှုများ မြင့်တက်နေသည်။
နဂါးပျံလက်ဖက်ခြောက်နှင့် အခရာစားသောက်ဆိုင် ပိုင်ရှင်ဖြစ်သူ ဦးအေးဝင်းသည် စစ်ခေါင်းဆောင်၏ မျက်နှာပေးခြင်းကို ခံရသူဖြစ်သဖြင့် ၎င်း၏ အာဏာရှင်ဆန်သည့် လုပ်ရပ်များကို အသင်းသားများအနေဖြင့် ပြန်လည်တုံ့ပြန်ရန် ခက်ခဲနေသည့် အခြေအနေဖြစ်နေသည်။
