“ကျမတို့ အရှေ့ဘက်အိမ်က ရေတွင်းကနေ ရေအပြည့်ပါတဲ့ ပုံးကြီးက သူ့အလိုလို တက်လာတာ။ ပြီးမှ အောက်ကို အရှိန်နဲ့ ပြုတ်ကျတာ။ အဲ့ဒီအိမ်ရဲ့ တောင်ဘက်မှာက ရဲစခန်းလေ။ ရဲစခန်းသိမ်းတုန်းက သေကြတာတွေ အများကြီးပဲ” လို့ ကိုယ်တိုင် မြင်တွေ့ခဲ့ရတဲ့ စစ်ကိုင်းတိုင်းအတွင်း နေထိုင်သူ မမွန် (အမည်လွှဲ) က ပြောပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့နောက် ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကော်မရှင်လက်အောက်ခံ တပ်တွေကြားက ထိတွေ့တိုက်ပွဲတွေဟာ ငါးနှစ်နီးပါး ရှိလာပြီဖြစ်တဲ့ လက်ရှိအချိန်ထိ နေ့စဉ်နဲ့အမျှ ဖြစ်ပွားလျက်ရှိနေပါတယ်။
အဲ့ဒီတိုက်ပွဲတွေကြောင့် နှစ်ဖက်တပ်တွေက တပ်ဖွဲ့ဝင်တွေ၊ တပ်သားတွေလည်း အများအပြား သေကြေပျက်စီးနေကြတဲ့ အနေအထားမှာ ရှိနေပါတယ်။
တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ကျဆုံးတဲ့အခါမှာတော့ သက်ဆိုင်ရာတပ်တွေရဲ့ အမိန့်ပြန်တမ်းတွေ၊ မိသားစုဝင်တွေရဲ့ အမျှအတန်းပေးဝေမှုတွေကြောင့် အေးချမ်းကောင်းမွန်ရာ ဘုံဘဝကို ရောက်ရှိနိုင်ကြပေမဲ့၊ အာဏာရှင်လက်အောက်မှာ တာဝန်ထမ်းဆောင်ရင်း သေဆုံးခဲ့ကြတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေအနေနဲ့ကတော့ အမျှအတန်းပေးဝေမှုကို မရတဲ့အပြင် သေဆုံးသူတွေရဲ့ မိသားစုဝင်တွေဟာ ရက်၊ လ၊ နှစ်ချီကြာမှသာ ဒါမှမဟုတ် တော်လှန်ရေးတပ်တွေက ဓာတ်ပုံများနဲ့တကွ ထုတ်ပြန်မှသာ သေဆုံးတဲ့အကြောင်း သိခွင့်ရတဲ့ အခြေအနေ ဖြစ်နေပါတယ်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စစ်ကော်မရှင်တပ်က အာဏာသိမ်းလိုက်တဲ့နောက် ရန်ကုန်၊ မန္တလေးမြို့ကြီးများနည်းတူ မမွန်တို့ စံပြကျေးရွာကြီးမှာလည်း လူထုဆန္ဒထုတ်ဖော်မှုတွေမှာ တခဲနက် ပါဝင်ခဲ့ကြပါတယ်။ အဲ့ဒီလို ဆန္ဒထုတ်ဖော်တာတွေကို ရွာထဲမှာရှိတဲ့ စစ်တပ်ထောက်ခံသူတွေကတော့ လုံးဝကို ဆန့်ကျင်ကြပါတယ်။
တော်လှန်ရေးစိတ်ဓာတ် ပြင်းထန်လွန်းလှတဲ့ မမွန်တို့ စံပြကျေးရွာကြီးမှာ တပ်ထောက်ခံသူတွေအတွက် နေစရာမချန်ထားပေးကြပါဘူး။ တပ်ထောက်ခံသူများရဲ့ နေအိမ်တွေကို သတိပေးစာများ ပစ်ကြပါတယ်။ စာအပစ်ခံရသူ အချို့ကတော့ ပုဆိုးခါးတောင်းကျိုက်ကာ ရွာထဲကို ဆိုင်ကယ်နဲ့ပတ်ပြီး ဆဲဆိုအော်ဟစ်ကြတယ်လို့ ဒေသခံကျေးရွာသားတွေက ပြောပါတယ်။
လက်နက်ကိုင်တော်လှန်ရေး မစတင်ခင်မှာပင် စစ်တပ်ထောက်တိုင် တစ်နည်းအားဖြင့် တပ်ထောက်ခံသူအချို့ သတ်ဖြတ်ခံရသလို NON-CDM အချို့ကလည်း မြို့ပေါ်အထိ တိမ်းရှောင်သွားကြပါတယ်။
“ရပ်ရွာထဲမှာ ဆန္ဒပြပြီဆို စစ်တပ်ထောက်ခံတဲ့သူတွေက ဖုန်းတွေနဲ့ ဗီဒီယိုတွေရိုက်တယ်။ မြို့ပေါ်မှာ ဆန္ဒပြရင်း ပြည်သူတွေ ကျည်မှန်လို့ သေကုန်တယ်ကြားရင် ပြောပြောပြီး ရယ်မောနေကြတာ။ အဲ့ဒီတပ်ထောက်ခံသူတွေ အသတ်ခံလိုက်ရတာကလည်း ဒီကနေ့ထိ လက်သည်မပေါ်ဘူး” လို့ မမွန်ရဲ့ သူငယ်ချင်းတစ်ဦးဖြစ်တဲ့ မသွယ်သွယ်က ပြောပါတယ်။
အဲ့ဒီနောက်မှာတော့ “တော်လှန်ရေးအစ တူမီးက” ဆိုတဲ့ စကားနဲ့အညီ မမွန်တို့ စံပြကျေးရွာကြီးမှာရှိတဲ့ ရဲစခန်းကို ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေက တူမီးနဲ့ဝိုင်းပြီး သိမ်းပိုက်ဖို့ရာ ကြံစည်ခဲ့ကြပေမဲ့ အင်အားမမျှတလို့ လက်လျော့ခဲ့ကြရပါတယ်။
၂၀၂၂ ခုနှစ်၊ နှစ်လယ်ပိုင်းလောက်မှာတော့ အဲ့ဒီရဲစခန်းကို ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေဘက်က ဝင်ရောက်စီးနင်းနိုင်ခဲ့ပြီး စစ်ကော်မရှင်လက်အောက်ခံ ရဲတပ်ဖွဲ့ဝင် ရုပ်အလောင်း ငါးလောင်းနဲ့အတူ လက်နက်ခဲယမ်းတွေလည်း ရရှိခဲ့ပါတယ်။
စစ်ကော်မရှင်တပ်ဘက်က သူတို့ရဲ့ စခန်းကနေ မဆုတ်ခွာခင်မှာလည်း ခြံစည်းရိုးတစ်လျှောက်မှာ နင်းမိုင်းတွေ မြုပ်ခဲ့သလို၊ ကျဆုံးခဲ့တဲ့ တပ်ဖွဲ့ဝင်တွေရဲ့ ရုပ်အလောင်း ဆယ်လောင်းဝန်းကျင်ကို ဘန်ကာထဲထည့်ပြီး မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ မျက်မြင်တွေ့ခဲ့ရတဲ့ ဒေသခံတော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ဆိုပါတယ်။
“တိုက်ပွဲအတွင်းမှာလည်း သူတို့မီးရှို့တာကို မြင်ကြတဲ့သူတွေလည်း ရှိတယ်။ စခန်းကို သိမ်းပြီး အထဲထိဝင်နိုင်တဲ့အခါမှာလည်း လူအရိုးတွေကို တွေ့ရတယ်ဗျ။ ဆယ်ယောက်လောက်တော့ ရှိမယ်ဗျ၊ ကျွန်တော်တို့ကိုယ်တိုင်ပဲ ရှင်းလင်းရေးဝင်ခဲ့ရတာလေ။ ဒီကောင်တွေက မိုင်းတွေလည်း ထောင်ခဲ့တော့ သတိကြီးကြီးထားပြီး စခန်းထဲကို ဝင်ခဲ့ရတယ်” လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
ဒါ့အပြင် ရဲစခန်းအနီးဝန်းကျင်မှာရှိတဲ့ အရပ်သားပြည်သူတချို့ရဲ့ နေအိမ်တွေမှာလည်း မကျွတ်မလွတ်ကြတဲ့ ရဲတပ်ဖွဲ့ဝင်တွေရဲ့ ခြေသံတွေ၊ စကားတီတိုးပြောသံတွေ၊ လမ်းလျှောက်သံတွေအပြင် အိပ်မက်ပေးတာတွေကိုပါ လက်ရှိ ၂၀၂၅ ခုနှစ်ထဲအထိ တွေ့ကြုံကြရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
“စဖြစ်ကာစကဆို ညမှောင်ရင် အပြင်မထွက်ရဲကြဘူး။ ရဲစခန်းရှေ့က လမ်းမဆိုရင်လည်း ဖြတ်မသွားရဲကြတာ အခုနှစ်ထိပဲ၊ နေ့လယ်ခင်းကြီးတောင်မှ ခြောက်ခြားစရာကြီး ဖြစ်နေတာ။ စစ်တပ်ဘက်က တပ်စွဲခဲ့တဲ့ အိမ်တွေဆိုလည်း တံခါးတွေက သူ့ဘာသာ ပွင့်သွားတာမျိုး၊ ခြေထောက်ကို လာရိုက်တာမျိုးတွေ ကြုံကြတယ်။ ကျမတို့ အိမ်ရှေ့တွေဆို စစ်ဖိနပ်သံတွေ ကြားရတာ၊ တရားဖွင့်ရင်တော့ ငြိမ်သွားတယ်။ စခန်းမသိမ်းခင် အရင်က ဘာမှမဖြစ်ဖူးဘဲ အခုမှ ခြောက်လှန့်တာဆိုတော့ သေချာပေါက် သေသွားတဲ့ ရဲတွေပဲ” လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ မခင်မိုးက ဆိုပါတယ်။
အာဏာမသိမ်းခင် ၂၀၂၁ ရှေ့ပိုင်းကာလတွေမှာတော့ ဒေသခံတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ အချင်းချင်း သင့်မြတ်ခဲ့ကြပေမဲ့ အာဏာသိမ်းလိုက်တဲ့နောက်မှာတော့ ဒေသခံပြည်သူတွေဟာ ရဲတပ်ဖွဲ့ဝင်တွေကို သူစိမ်းပြင်ပြင်သာ ပြောဆိုဆက်ဆံကြတော့တယ်လို့ မမွန်က ပြောပြပါတယ်။
ရပ်ရွာဒေသခံများအနေနဲ့ စစ်ရှောင်ရေး၊ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး စတဲ့ အခက်အခဲတွေအပြင် သေဆုံးသွားတဲ့ စစ်ကော်မရှင်လက်အောက်ခံ တပ်ဖွဲ့ဝင်တွေရဲ့ အခုလို မကျွတ်မလွတ်အခြေအနေတွေကြောင့်လည်း ဒေသခံတွေကြားမှာ စိတ်အနှောင့်အယှက် ဖြစ်နေရပါတယ်။
“၂၀၂၂ ကတည်းကပဲ။ ရွာအနီးဝန်းကျင်မှာ တိုက်ပွဲဖြစ်ရင် စစ်တပ်က သူတို့ရဲ့ အလောင်းတွေကို အိမ်တွေထဲ ပစ်ထည့်ပြီး မီးရှို့သွားတာ၊ မီးရှို့လည်း မီးငြိမ်းတဲ့အထိ မနေဘဲ စစ်ကြောင်းလိုက် ပြန်ထွက်ကြတာ။ ကျွန်တော်တို့က ပြန်ဝင်တဲ့အခါမှာ ပြာတွေရော၊ လူအရိုးတွေရော တွေ့ရတယ်။ တချို့ကျတော့လည်း မြေမြုပ်ခဲ့ပေမဲ့ ကျင်းကမနက်တော့ ကျွန်တော်တို့ကပဲ ပြန်ဖော်ပြီး ပြန်မြုပ်ပေးရတာပေါ့ဗျာ” လို့ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အတွင်း နေထိုင်သူ အမျိုးသားတစ်ဦးက သူကိုယ်တိုင် ကြုံတွေ့ခဲ့ရတာတွေကို ပြောပါတယ်။
ဒါ့အပြင် ဆားလင်းကြီးမြို့နယ်ထဲက စစ်ကော်မရှင်နဲ့ ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲတွေ မကြာခဏဖြစ်ပွားနေတဲ့ ဝမ်ပေါင်ကုမ္ပဏီအနီးတဝိုက်မှာလည်း ခြောက်လှန့်တာတွေ ကြုံတွေ့ခဲ့ရတယ်လို့ ကိုယ်တိုင်တွေ့ကြုံခဲ့ရတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ဆိုပါတယ်။
စစ်ကော်မရှင်တပ်အနေနဲ့ တိုက်ပွဲတစ်ခုအတွင်း ကျဆုံးသွားတဲ့ စစ်တပ်ထိပ်တန်းအဆင့်ရှိတဲ့ အရာရှိတွေရဲ့ ရုပ်အလောင်းကိုသာ ခြေလျင်စစ်ကြောင်း ဒါမှမဟုတ် ရဟတ်ယာဉ်တွေ အသုံးပြုပြီး မဖြစ်မနေ လာရောက်သယ်ဆောင်တာမျိုး ရှိပေမဲ့ ရှေ့တန်းမှာ ကျဆုံးခဲ့တဲ့ အောက်ခြေအဆင့် စစ်သား၊ တပ်ကြပ်ကြီးအဆင့် ရုပ်အလောင်းတွေကိုတော့ ကျဆုံးသွားတဲ့ နေရာမှာပင် ဖြစ်သလို ထားခဲ့တာမျိုး ရှိသလို၊ ဖြစ်ကတတ်ဆန်း သင်္ဂြိုဟ်ခဲ့ကြတာမျိုးတွေလည်း ရှိတယ်လို့ ကိုယ်တိုင်မျက်မြင်ကြုံတွေ့ခဲ့သူတွေက ပြောပါတယ်။
ဒါ့အပြင် မြို့သိမ်းတိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့တဲ့ ရခိုင်နဲ့ ချင်းပြည်နယ်တို့အပြင် စခန်းသိမ်းတိုက်ပွဲတွေလည်း မကြာခဏဖော်ဆောင်နေတဲ့ ကချင်ပြည်နယ်အတွင်းက နေရာတွေမှာဆိုရင်လည်း မကျွတ်မလွတ်တဲ့သူတွေရဲ့ ခြောက်လှန့်ခြင်းတွေကို ကြုံဖူးကြသူတွေလည်း ရှိပါတယ်။
“သူတို့တွေက အစိမ်းသေတွေဆိုတော့ အနံ့ပေးတာ၊ ပစ္စည်းကျကွဲအောင် လုပ်တာတွေ ကြုံဖူးတယ်။ ဘုရားစာအကျယ်ကြီးဖွင့်လည်း မရဘူး၊ သရဲဘဝနဲ့ရော နှစ်ခါပြန်သေချင်လို့လား ဆိုပြီး ဟောက်လိုက်ရင်တော့ ငြိမ်သွားတယ်။ အဓိကက စိတ်ခံစားမှုပေါ့။ ကိုယ့်ဘက်က ကျသွားတဲ့ ရဲဘော်ဆိုရင်တော့ ဒီလိုတွေ မလုပ်ဘူးဆိုတာ ယုံကြည်တယ်” လို့ ရခိုင်ပြည်နယ်ထဲမှာ ရှိနေတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုပါတယ်။
ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ KNU တပ်မဟာ ၃ နယ်မြေထဲမှာလည်း နှစ်ဖက်တပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ဖြစ်ပွားလျက်ရှိနေပြီး မကျွတ်မလွတ်ကြတဲ့ စစ်ကော်မရှင်တပ်သားတွေလည်း ရှိနေကြတယ်လို့ အဲ့ဒီဒေသမှာရှိတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
“ညဥ့်နက်ချိန်တွေမှာ ကင်းစောင့်တာနဲ့ ကြုံတာမျိုးဆို အခြောက်ခံရတယ်။ ပတ်ဝန်းကျင်က ငြိမ်နေရတဲ့အထဲ ကိုယ်ကလည်း အာရုံစိုက်နေတော့ စစ်ဖိနပ်သံတွေကို ပီပီသသ ကြားရတာဗျ။ တချို့ညတွေက ပုခက်ထဲမှာ မှိန်းနေရင်တောင် ကိုယ့်ကို ငုံ့ကြည့်နေသလိုကြီးဗျ။ မင်းအောင်လှိုင်စစ်တပ် ယူနီဖောင်းနဲ့ အရိပ်ပြတာမျိုးတွေလည်း ကြုံဖူးတယ်။ တိုက်ပွဲတွေဖြစ်တဲ့နေရာဆိုတော့ မဆန်းပေမဲ့ ဒီကောင်တွေအတွက်ကတော့ အမျှပေးတာကို လိုချင်နေတာ ဖြစ်မယ်” လို့ KNU တပ်မဟာ ၃ နယ်မြေထဲမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးကလည်း သူကြုံတွေ့ခဲ့ရတာတွေကို ပြောပြပါတယ်။
အခုလို မကျွတ်မလွတ်ဖြစ်နေတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေနဲ့ ပတ်သက်ပြီးတော့ အမည်မဖော်လိုတဲ့ စစ်ကိုင်းဒေသခံ ဆရာတော်တစ်ပါးက အခုလို မိန့်ကြားပါတယ်။
“လူ့သက်တမ်း ကျန်ရှိနေသေးပေမဲ့ အကြောင်းတစ်ခုခုကြောင့် သေသွားတာမျိုးဆိုရင် ဥပေစ္ဆဒကံ။ ပြောရရင်တော့ အစိမ်းသေပေါ့၊ အမျှအတန်း လိုအပ်နေသူတွေ။ အရပ်ထဲမှာဆို လောဘ၊ ဒေါသ၊ မောဟနဲ့ သေတဲ့အတွက် အသေဆိုးတယ်လို့ ပြောကြတယ်။ အဲ့ဒါကြောင့် ဗုဒ္ဓဘာသာလို ကိုယ်နေတဲ့ဝန်းကျင်မှာ ကမ္မဝါရွတ်ဖတ်တာမျိုး၊ ပရိတ်ရွတ်တာ၊ အမျှဝေတာမျိုး လုပ်ကြရတယ်” လို့ ဆရာတော်က မိန့်ပါတယ်။
လက်ရှိမှာတော့ စစ်ကော်မရှင်လက်အောက်ခံ တပ်ဖွဲ့ဝင်တွေဟာ သူတို့ယုံကြည်ရာအတွက် အသက်ပေးခဲ့ကြပေမဲ့ ဂုဏ်ပြုချီးမြှင့်ဖို့ရာ ဝေးစွ၊ ဘဝကူးကောင်းစေရန်ပင် သူတို့ အထက်အရာရှိတွေက အိပ်မက်ထဲမှာပင် ထည့်မမက်ကြပါဘူး။
စစ်ကော်မရှင်တပ်က တိုက်ပွဲအတွင်း ကျဆုံးသွားတဲ့ သူတို့ တပ်ဖွဲ့ဝင်တွေရဲ့ ကိုယ်ပိုင်နံပါတ်တွေ ရှိပေမဲ့ အနိမ့်ဆုံး အမျှပေးဝေဖို့နေနေသာ သေဆုံးသူတွေရဲ့ အကျိုးခံစားခွင့်တွေ၊ လစာတွေကို လိမ်ထုတ်ပြီး နေထိုင်စားသောက်နေတဲ့အပြင် သေဆုံးသွားတဲ့ အရာရှိနဲ့ တပ်သားတွေရဲ့ မိသားစုဝင်တွေကိုလည်း နေထိုင်ရာ တပ်လိုင်းခန်းတွေကနေ ဖယ်ရှားခိုင်းတာတွေကို စစ်တပ်မိသားစုဝင်တွေအနေနဲ့ ရင်ဆိုင်ကြုံတွေ့နေရပါတယ်။
အာဏာရှင်အတွက် အသုံးချခံရင်း အသေဆိုးနဲ့ အဆုံးသတ်ခဲ့ရတဲ့ ဒီစစ်သားတွေဟာ သေပြီးတဲ့နောက်မှာတောင် မိသားစုရဲ့ အမျှအတန်းပေးမှုကို မရရှိကြသလို၊ သူတို့ရဲ့ အထက်လူကြီးတွေဆီကလည်း လျစ်လျူရှုတာကိုပဲ ခံကြရပါတယ်။ ရပ်ရွာသားတွေအတွက်တော့ ဒီဝိညာဉ်တွေဟာ ခြောက်ခြားစရာ အရိပ်မည်းတွေအဖြစ် ကျန်ရစ်နေပြီး၊ စစ်ကော်မရှင်ရဲ့ အကျိုးဆက်ကြောင့် လူတင်မကဘဲ ဝိညာဉ်တွေပါ ဒုက္ခရောက်နေကြရတဲ့ ဝမ်းနည်းစရာ သာဓကတစ်ခုပဲ ဖြစ်ပါတော့တယ်။
