ဒေါ်ကြည်ပြာ တိုင်ကြားခံရမှုကို အတိုင်းအတာတစ်ခုအထိ ဖြေရှင်း ဆောင်ရွက်ပေးခဲ့ပြီဖြစ်၍ တယ်လီကျန်းမာအနေနှင့် NUGအစိုးရ၊ကျန်းမာရေးဝန်ကြီးဌာန၏ အဖွဲ့အစည်းတစ်ရပ်အနေဖြင့် ဆက်လက်ရပ်တည်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်လိုက်သည်။
ယခုအခါ NUG ပြည်ထောင်စုဝန်ကြီးချုပ်ရုံး အမြဲတမ်းအတွင်းဝန်ဒေါ်ကြည်ပြာနှင့် ခင်ပွန်းဖြစ်သူတို့ ကို တိုင်ကြားချက်များနှင့်ပတ်သက်၍ သက်ဆိုင်ရာတာဝန်ရှိသူများက အတိုင်းအတာတစ်ရပ်အထိ ဖြေရှင်းဆောင်ရွက်ပေးခဲ့ပြီး ပိုမိုကောင်းမွန်၍ ပွင့်လင်းမြင်သာသော အစိုးရတစ်ရပ်အဖြစ် ဖော်ဆောင်နိုင်ရန် အစီအစဥ်များလည်း ချမှတ်ရေးဆွဲသွားမည်ဟု ကတိပြုခဲ့ပြီး ဖြစ်ကြောင်း NUGအစိုးရအနေဖြင့်လည်း ကတိပြုပြောကြားထားသည့် အစီအစဥ်များကို ဆက်လက်အကောင်အထည်ဖော် လုပ်ဆောင်သွားမည်ဟု ယုံကြည်ကြောင်း တယ်လီကျန်းမာက ဖေဖေါ်ဝါရီ၂၇ရက်က ထုတ်ပြန်သည်။
“မကြည်ပြာကိစ္စနဲ့ပတ်သက်ပြီး CDMအဖွဲ့အစည်းတွေရဲ့ မှန်ကန်တဲ့ရပ်တည်ချက်ကို ထုတ်ဖော်နိုင်ခဲ့ တယ်။ပြဿနာတစ်စုံတစ်ရာအဆင့် ဖြေရှင်းပြီးချိန်မှာလည်း CDMအဖွဲ့တွေက မှန်မှန်ကန်ကန်ပဲ ပြန် သပိတ်လှန်ကြတယ်။CDMအဖွဲ့တွေရဲ့ လုပ်ရပ်တွေအပေါ် အားလုံး ကြိုဆိုကြမယ်လို့ ထင်ပါတယ်” ဟု ရန်ကုန်တိုင်းအတွင်းရှိ CDMဆရာမတစ်ဦးက MPAသို့ပြောသည်။
အမျိုးသားညီညွတ်ရေးအစိုးရ၏ စီမံခန့်ခွဲရေးဆိုင်ရာ အားနည်းမှုတချို့ကို အမြန်ဆုံးပြုပြင်ပြီး ပြည်ထောင်စုဝန်ကြီးချုပ်ရုံး အမြဲတမ်းအတွင်းဝန်နှင့် ခင်ပွန်းဖြစ်သူတို့အား တိုင်ကြားထား သည့်အချက်များကို ရက်သတ္တပတ်တစ်ပတ်အတွင်း အမြန်ဆုံး ဖြေရှင်းဆောင်ရွက်ပေးရန် တယ်လီကျန်းမာက အလေးအနက်ထား တိုက်တွန်းခဲ့ပြီး အချိန်မီ ဖြေရှင်းဆောင်ရွက်ပေးနိုင်ခြင်း မရှိပါက တယ်လီကျန်းမာသည် NUG ကျန်းမာရေးဝန်ကြီးဌာန၏ အဖွဲ့အစည်းတစ်ရပ်အနေဖြင့် ဆက်လက် တာဝန်ထမ်းဆောင်ခြင်းမပြုဘဲ သီးခြားလွတ်လပ်သော အဖွဲ့အစည်းအဖြစ်သာ အများပြည်သူ အကျိုးအတွက် ရပ်တည်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖေဖေါ်ဝါရီ၂၀ရက်က ထုတ်ပြန်ထားသည်။
