MOD နှင့် SRA ဆက်လက်တွေ့ဆုံဆွေးနွေးရန် ရှေ့လုပ်ငန်းစဉ်များ ချမှတ်

ဓာတ်ပုံ - လူမှုကွန်ရက်

NUGကာကွယ်ရေးဝန်ကြီးဌာန MODနှင့် နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု(SRA)တို့ ဆက်လက်တွေ့ဆုံဆွေးနွေးရန် ရှေ့လုပ်ငန်းစဉ်များ ချမှတ်ခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၂၇ ရက်၊မွန်းလွဲ၂နာရီခန့်တွင် နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု(SRA) ဦးဆောင်ကော်မတီ နှင့် NUGအစိုးရ တာဝန်ရှိသူတို့ Zoom Platform ၌ တွေ့ဆုံဆွေးနွေးခဲ့ ကြပြီးနောက် အထက်ပါအတိုင်း နှစ်ဘက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

“NUG နဲ့ SRA အကြား အပြန်အလှန်အသိအမှတ်ပြုနိုင်ကြဖို့၊ ကျေလည်သော ညီညွတ်ရေးကို အတူတကွတည်ဆောက်နိုင်ကြဖို့နဲ့ မိတ်ဖက်ပဋိပက္ခတွေကို ညှိနှိုင်းဆွေးနွေးတဲ့နည်းနဲ့သာ ဖြေရှင်းနိုင်ကြဖို့ကို သဘောတူညီခဲ့ကြပါတယ်”ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် BPLA ခေါင်း ဆောင်မောင်ဆောင်းခက ယင်းဆွေးနွေးပွဲနှင့် ပတ်သက်ပြီး ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ် ရေးသားထားသည်။

ယင်းဆွေးနွေးပွဲတွင် စစ်ဆင်ရေး၊ ထောက်လှမ်းရေးဆိုင်ရာကိစ္စရပ်များနှင့် နိုင်ငံရေးဦးဆောင်မှုဆိုင်ရာများကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြကြောင်း ထုတ်ပြန်ထားသည်။

“SRA ကိစ္စတွေအပြင် SRA ထဲ မပါဝင်ကြသေးတဲ့တပ်ဖွဲ့တွေရဲ့ အရေးကိစ္စတွေကိုပါ သေချာဆွေးနွေး ဖြစ်ခဲ့ပါတယ်။ အထူးသဖြင့် NUG လက်အောက်ခံမဟုတ်တဲ့တပ်တွေအပေါ် NUG ရဲ့သဘောထားကို မေးမြန်းအတည်ပြုနိုင်ခဲ့ပါတယ်”ဟု မောင်ဆောင်းခက ဆိုသည်။

ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ဝန်ကြီး ဒေါက်တာဇော်ဝေစိုးနှင့် SRA ဦးဆောင်ကော် မတီဝင် ဆလိုင်းဝီလျံချင်းတို့က အဖွင့်နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး NUGပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က NUG ကာကွယ်ရေးဝန်ကြီးဌာန၏ ဒေသအခြေပြုကာကွယ်ရေးတပ်ဖွဲ့များဆိုင်ရာ မူဝါဒကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲသို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု(SRA) ခေါင်းဆောင်များလည်း တက်ရောက်ခဲ့ကြသည်။