အမေရိကန်ဖက်ဒရယ်အေဂျင်စီအားလုံးအနေဖြင့် Anthropic ကုမ္ပဏီမှ ထုတ်လုပ်သော AI (ဉာဏ်ရည်တု) နည်းပညာများကို အသုံးပြုနေခြင်းမှ အဆင့်ဆင့်ရပ်ဆိုင်းရန် သမ္မတ ဒေါ်နယ်ထရမ့်က ဖေဖော်ဝါရီ ၂၇ ရက်တွင် အမိန့်ထုတ်ပြန်လိုက်သည်။
Anthropic ကုမ္ပဏီအနေဖြင့် ၎င်းတို့၏ AI နည်းပညာကို စစ်ရေးကဏ္ဍတွင် အကန့်အသတ်မရှိ အသုံးပြုခွင့်ပေးရန် ခွင့်မပြုခဲ့ခြင်းကြောင့် ကုမ္ပဏီနှင့် ပင်တဂွန် (စစ်ဌာနချုပ်)တို့ အငြင်းပွားမှုများ ဖြစ်ခဲ့ပြီး ယခုတားမြစ်ချက်ကို ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
အမေရိကန်အစိုးရနှင့် အပြန်အလှန် ဆွေးနွေးမှုများအတွင်း Anthropic ကုမ္ပဏီက ၎င်းတို့၏ AI ကို အလိုအလျောက်မောင်းနှင်သည့် လူသတ်လက်နက်များ (fully autonomous weapons) အဖြစ် သော်လည်းကောင်း၊ ပြည်တွင်း၌ အလုံးအရင်းဖြင့် စောင့်ကြည့်ထောက်လှမ်းသည့် နေရာများတွင်သော်လည်းကောင်း အသုံးမပြုရန် အာမခံချက်တောင်းခံခဲ့သည်။
ပင်တဂွန်ဘက်သဘောမတူကြောင်း ထုတ်ပြန်ခဲ့သည်။
Anthropic ၏ စီးအီးအို ဒါရီယို အာမိုဒီ က ကာကွယ်ရေးဝန်ကြီးဌာန၏ တောင်းဆိုချက်များကို ၎င်းတို့ကုမ္ပဏီအနေဖြင့် “ကျင့်ဝတ်နှင့် မညီသောကြောင့် လိုက်လျောရန် မဖြစ်နိုင်ကြောင်း” တုံ့ပြန်ခဲ့သည်။
ဒီမိုကရက်တစ်ပါတီဝင်များကမူ ထရမ့်အစိုးရ၏ ယင်းကိစ္စအပေါ် ကိုင်တွယ်ပုံကို ဝေဖန်ခဲ့ကြသည်။ ဆီးနိတ်ထောက်လှမ်းရေးကော်မတီမှ ထိပ်တန်းဒီမိုကရက်တစ် အထက်လွှတ်တော်အမတ် မာ့ခ် ဝါနာက ယခုလုပ်ဆောင်ချက်သည် “အမျိုးသားလုံခြုံရေးဆိုင်ရာ ဆုံးဖြတ်ချက်များသည် သေချာစွာ လေ့လာဆန်းစစ်မှုအပေါ် အခြေခံသလား သို့မဟုတ် နိုင်ငံရေးအရ စဉ်းစားချက်များအပေါ် အခြေခံသလားဆိုသည်မှာ စိုးရိမ်စရာဖြစ်လာသည်” ဟု ပြောကြားခဲ့သည်။
Anthropic ကုမ္ပဏီသည် လက်ရှိတွင် ကာကွယ်ရေးဝန်ကြီးဌာနနှင့် ဒေါ်လာ သန်း ၂၀၀ တန် ကန်ထရိုက်စာချုပ် ချုပ်ဆိုထားသည်။ ထရမ့်၏ ကြေညာချက်အပေါ် ကုမ္ပဏီဘက်က တစ်စုံတစ်ရာ တုံ့ပြန်ခြင်း မရှိသေးပေ။
ကာကွယ်ရေးဝန်ကြီး ပိထ် ဟက်ဂ်ဆက်က “Anthropic ဟာ မောက်မာမှုနဲ့ သစ္စာဖောက်မှုရဲ့ ပြယုဂ်တစ်ခုကို ပြသခဲ့သလို၊ အမေရိကန်အစိုးရ ဒါမှမဟုတ် ပင်တဂွန်နဲ့ ဘယ်လိုမျိုး စီးပွားမလုပ်သင့်ဘူးလဲဆိုတာကိုလည်း သက်သေပြလိုက်တာပဲ” ဟု X လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။
“အမေရိကန် စစ်သားတွေဟာ နည်းပညာကုမ္ပဏီကြီးတွေရဲ့ ဝါဒရေးရာ အလိုကျ ဆွဲဆောင်ရာနောက်ကို ဘယ်တော့မှ အပါခံမှာမဟုတ်ဘူး” ဟုလည်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
ဟက်ဂ်ဆက်၏ ပို့စ်အပေါ် တုံ့ပြန်သည့်အနေဖြင့် Anthropic က ပင်တဂွန်၏ “ခြိမ်းခြောက်မှု” ကို ဆန့်ကျင်ကြောင်းနှင့် “ထောက်ပံ့ရေးကွင်းဆက်ဆိုင်ရာ ဘေးအန္တရာယ်အဖြစ် သတ်မှတ်မှုကို တရားရုံးတွင် ရင်ဆိုင်သွားမည်” ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယခုအခါ ကာကွယ်ရေးဝန်ကြီးဌာနနှင့် အခြားအေဂျင်စီများအတွက် Anthropic ၏ ဝန်ဆောင်မှုများကို အဆင့်ဆင့်ရပ်ဆိုင်းရန် ခြောက်လ အချိန်ပေးထားသည်။
“အမေရိကန်အစိုးရရဲ့ ဖက်ဒရယ်အေဂျင်စီ အတိုင်းကို Anthropic ရဲ့ နည်းပညာအသုံးပြုမှုအားလုံး ချက်ချင်းရပ်တန့်ဖို့ ကျွန်တော် ညွှန်ကြားပါတယ်။ ကျွန်တော်တို့မှာ ဒါတွေမလိုအပ်သလို၊ အလိုလည်းမရှိပါဘူး။ သူတို့နဲ့ နောက်ထပ် စီးပွားရေးလုပ်မှာလည်း မဟုတ်တော့ပါဘူး” ဟု ထရမ့်က Truth Social တွင် ရေးသားခဲ့သည်။
ထို့ပြင် အဆင့်ဆင့်ရပ်ဆိုင်းမည့် ကာလအတွင်း Anthropic က ပူးပေါင်းကူညီမှု မလုပ်ဆောင်ပါက “လိုက်နာမှုရှိစေရန် သမ္မတ၏ လုပ်ပိုင်ခွင့်အာဏာအပြည့် (Full Power of the Presidency) ကို အသုံးပြုသွားမည်ဖြစ်ပြီး၊ ကြီးလေးသော တရားမမှုနှင့် ရာဇဝတ်မှုဆိုင်ရာ အကျိုးဆက်များ နောက်ဆက်တွဲ လိုက်လာလိမ့်မည်” ဟုလည်း သမ္မတက ခြိမ်းခြောက်ခဲ့သည်။
