မုံရွာတွင် တစ်ရက်တည်းနှင့် လူငယ် ၈၀ ခန့် ပေါ်တာဆွဲခံရဟုဆို

ဓာတ်ပုံ - လူမှုကွန်ရက်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် တစ်ရက်တည်းနှင့် လူငယ် ၈၀ ခန့် ပေါ်တာဆွဲခံရကြောင်း သိရသည်။

ဖေဖေါ်ဝါရီ၂၇ရက်၊ညနေပိုင်းတွင် မုံရွာမြို့တွင်း၌ စစ်တပ်က အိမ်စီးကားဖြင့် ပေါ်တာဆွဲဖမ်းဆီးပြီး နောက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဘက်သို့ ခေါ်ဆောင်သွားကြောင်း ပြည်သူအချို့၏ သတင်းပေးပို့ချက်အရ သိရသည်ဟု ဒေသတွင်းနွေဦးတော်လှန်ရေးစာမျက်နှာ မုံရွာမြို့နယ်သတင်း မှန်ပြန်ကြားရေးက ထုတ်ပြန်သည်။

“အဖမ်းခံရတဲ့ အရေအတွက် အတိအကျကိုတော့ မသိဘူး။သေချာတာကတော့ ညနေဘက် အလုပ် ပြန်ချိန်မှာ အဓိက ပေါ်တာဆွဲနေတယ်။ရပ်ကွက်တွေထဲလည်း ပတ်တယ်။လက်ဖက်ရည်ဆိုင်၊အရက် ဆိုင်ထဲလည်း ဝင်ဆွဲတယ်။အခုအချိန်ထိ အိမ်ထဲဝင်မဆွဲသေးတာပဲ ကျန်တော့တယ်”ဟု မုံရွာအခြေ စိုက် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးက MPAသို့ပြောသည်။

စစ်တပ်သည် တော်လှန်ရေးစိတ်ဓာတ်အားကောင်းသော မုံရွာမြို့ကို အငြိုးကြီးစွာဖြင့် ပေါ်တာဆွဲကာ ဒုက္ခပေးနေခြင်းဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

မုံရွာမြို့၊ထန်းတောရပ်ကွက်နေ အိမ်ရှင်မတစ်ဦးက “မနေ့(ဖေဖေါ်ဝါရီ၂၇ရက်)က တော်တော်ပါသွား တယ်လို့ တွေ့တဲ့သူတွေ ပြောတာ ကြားရတယ်။အတိအကျကြီး ဘယ်နှစ်ယောက် ပါသွားသလဲက တော့ သူတို့စစ်တပ်က လွဲပြီး ဘယ်သူမှ မသိနိုင်ဘူး။ခန့်မှန်းပဲ ပြောနိုင်တယ်။များတယ်လို့ ပြောကြ တယ်”ဟု ပြောသည်။

မုံရွာမြို့တွင် နေ့စဉ်မပျက် ပေါ်တာဆွဲနေသည်မှာ တစ်နှစ်ကျော်ကြာပြီဖြစ်ပြီး ၂၀၂၅ခုနှစ်ပွင့်လင်းရာ သီမှစ၍ ပွဲလမ်းသဘင်များ ပြုလုပ်ကာ ပွဲအပြန်လမ်းများပေါ် စစ်တပ်က ပေါ်တာစောင့်ဆွဲနေ ကြောင်း သိရသည်။