အကျဉ်းထောင်များ၌ နိုင်ငံရေးအကျဉ်းသား ၂၇၀ ကျော် အသက်ဆုံးရှုံး

ဓာတ်ပုံ - Wikipedia

အကျဉ်းထောင်များ၌ နိုင်ငံရေးအကျဉ်းသား ၂၇၄ ဦးထက်မနည်း အသက်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)နှင့် မြန်မာ့ အကျဉ်းထောင်သက်သေ(MPW)တို့ ပူးတွဲလုပ်ဆောင်သည့် သုတေသနတွေ့ရှိချက်အရ အာဏာသိမ်း ၅ နှစ်တာအတွင်း နိုင်ငံရေးအကျဉ်းသား ၂၇၄ ဦးထက်မနည်းသည် အကျဉ်းထောင်တွင်း သတ်ဖြတ်ခံရခြင်း ၊ ဆေးဝါးစောင့်ရှောက်မှု မလုံလောက်ခြင်းနှင့် သဘာဝဘေးအန္တရာယ်အတွင်း အကျဉ်းဦးစီးဌာန၏ စီမံခန့်ခွဲမှု ညံ့ဖျင်းမှုတို့ကြောင့် အသက်ဆုံးရှုံးခဲ့ရကြောင်း သိရသည်။

“အထူးသဖြင့် ညှင်းပန်းနှိပ်စက်မှုမှာ ထောင်အာဏာပိုင်တွေနဲ့ အကျဉ်းဦးစီးဝန်ထမ်းတွေ ကိုယ်တိုင်ရဲ့ ကိုယ်ထိလက်ရောက် ညှင်းပန်းနှိပ်စက်မှုမျိုးတွေကြောင့် သေဆုံးခဲ့ရတဲ့ဖြစ်စဉ် ပိုပြီးတော့ များပါ တယ်။ နောက်တစ်ခုက အကျဉ်းထောင်ထဲက နိုင်ငံရေးအကျဉ်းသားတွေကို အပြင်ကိုခေါ်ထုတ်ပြီးမှ သတ်ဖြတ်မှုမှာတော့ အကျဉ်းဦးစီးဝန်ထမ်းအပါအဝင် သက်ဆိုင်ရာ နယ်မြေက ရဲတပ်ဖွဲ့တွေ ၊ ပြီး တော့ စစ်တပ်ရဲ့ ပါဝင်မှုတွေ ရှိခဲ့တယ်လို့ ကျနော်ပြောချင်ပါတယ်။ အထူးသဖြင့်တော့ ဒိုက်ဦးအ ကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဉ်းသားတွေ ခေါ်ထုတ်သတ်ဖြတ်ခံရမှုမှာဆိုရင် စစ်တပ်ရော ရဲရော တာဝန်ရှိခဲ့တယ်လို့ ကျနော်တို့ ပြောလို့ရပါတယ်။ သေဆုံးမှုမဖြစ်တဲ့ ညှင်းပန်းနှိပ်စက်မှု တွေ မှာတော့ အခြားရာဇဝတ်အကျဉ်းသားတွေကို ကြားခံအနေနဲ့ အသုံးပြုခဲ့တာမျိုးတွေ ရှိပါ တယ် ဗျ”ဟု PPNM ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက MPA သို့ပြောသည်။

ညှင်းပန်းနှိပ်စက်ခံရမှု အမျိုးအစားများတွင် ပစ်ခတ်ခံရ၍ သေဆုံးခြင်း ၊ ညှင်းပန်းနှိပ်စက်မှုများမှ ရရှိသောဒဏ်ရာများ ကြောင့် သေဆုံးခြင်း ၊ ၂၀၂၅ခုနှစ်၊ဧပြီ၁၃ရက် မကွေးထောင် ဖြစ်စဉ်တွင် ကျဆုံးခြင်းနှင့် မိုင်းထိသေဆုံးခြင်းတို့ပါဝင်ပြီး အတည်ပြုဆဲနှင့် အကြောင်းတစ်စုံတစ်ရာ ထုတ်ပြန် ခြင်းမရှိဘဲ သေဆုံးခဲ့ရသည်များလည်း ရှိကြောင်း သိရသည်။

“ညှင်းပန်းနှိပ်စက်မှုလို့ ပြောတဲ့အခါမှာ အကျဉ်းထောင်ထဲမှာရှိတဲ့ အကျဉ်းသားတွေကို အကြောင်း ပြချက်တစ်ခုခုပေးပြီးတော့မှ ဝိုင်းပြီးတော့ ရိုက်ကြတာ ၊ တိုက်ပိတ်တာ ၊ တိုက်ပိတ်ခံရတဲ့အချိန်မှာ စိတ်ပိုင်းဆိုင်ရာ နာကျင်အောင်လို့ မိသားစုတွေနဲ့ အဆက်အသွယ်ဖြတ်တာ ၊ ပါဆယ်တွေပိတ်တာ ပေါ့နော် ဒါမျိုးတွေလည်း ပါဝင်ပါတယ်ခင်ဗျ”ဟု ၎င်းကဆက်လက်ပြောသည်။

မန္တလေး၊အိုးဘိုထောင်တွင် နိုင်ငံရေးအကျဉ်းသား ၉၆ဦးထိ သေဆုံးခဲ့ပြီး အများဆုံး ဖြစ်ကာ အင်းစိန် ထောင်တွင် ၆၂ ဦး ၊ ဒိုက်ဦးထောင်၌ ၂၀ ဦး ၊ ကလေးမြို့ထောင်တွင် ၁၅ ဦးနှင့် မကွေးထောင်တွင် ၁၃ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ထို့အပြင် ရွေးကောက်ပွဲ ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်သည့် ဥပဒေဖြင့် ဖမ်းဆီးမှုနှင့် တရားစွဲခံထားရသူ ၂၉၈ ဦးရှိကြောင်း PPNM က ထုတ်ပြန်ထားသည်။