ဘိုလီးဗီးယားနိုင်ငံ အနောက်ပိုင်း အယ်လ်အော်လ်တို (El Alto) မြို့တွင် ဖေဖော်ဝါရီ ၂၇ ရက်က လေတပ်ပိုင် ကုန်တင်လေယာဉ်တစ်စင်းသည် လေဆိပ်အဆင်းတွင် ပြေးလမ်းချော်၍ ပျက်စီးထိခိုက်မှုနှင့် ထွက်လာသည့် ငွေများကို လုယူရန် ကြိုးပမ်းမှုများကြောင့် ၁၅ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း အာဏာပိုင်များက ထုတ်ပြန်ထားသည်။
အဆိုပါ လေယာဉ်မှာ C-130 Hercules အမျိုးအစားဖြစ်ပြီး ဘိုလီးဗီးယားဗဟိုဘဏ်အတွက် ငွေစက္ကူများကို သယ်ဆောင်လာခြင်းဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက အတည်ပြုခဲ့သည်။
လွင့်စင်သွားသော ငွေစက္ကူများကို လုယူရန် ကြိုးပမ်းသူများကို လူစုခွဲရန်အတွက် ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးများဖြင့် ပစ်ခတ်ခဲ့ရသည်။
ဒေသစံတော်ချိန် ညနေ ၆ နာရီခန့်က အဆိုပါ လေယာဉ်သည် ဆန်တာခရုဇ်မြို့မှ အယ်လ်အော်လ်တို လေဆိပ်သို့ ဆိုက်ရောက်စဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း လေကြောင်းအရာရှိများက ဆိုသည်။
လေယာဉ်သည် ပြေးလမ်းပေါ်မှ ချော်ထွက်သွားပြီး အနီးနားရှိ မော်တော်ယာဉ်များကို ဝင်တိုက်ခဲ့ခြင်းဖြစ်သည်ဟု သတင်းများက ဖော်ပြသည်။
ဗီဒီယိုမှတ်တမ်းများအရ လေယာဉ်မှာ မြေပြင်ပေါ်တွင် ပျက်စီးနေပြီး မော်တော်ယာဉ်များလည်း ပြင်းထန်စွာ ပျက်စီးနေသည်ကို တွေ့ရသည်။ အခြားဗီဒီယိုများတွင်မူ လူအချို့မှာ မျက်ရည်ယိုဗုံးများနှင့် ဒိုင်းများ ကိုင်ဆောင်ထားသည့် ရဲတပ်ဖွဲ့ဝင်များထံမှ ထွက်ပြေးနေကြပြီး အချို့မှာ ခဲများဖြင့် ပစ်ပေါက်နေသည်ကိုလည်း တွေ့ရသည်။
“သတင်းအဖွဲ့တွေက လေယာဉ်ထိခိုက်တဲ့ဖြစ်စဉ်ကို သတင်းယူနေချိန်မှာ သယ်ဆောင်လာတဲ့ ငွေတွေကို ခိုးယူဖို့ ကြိုးစားနေသူတွေက သတင်းသမားတွေကို အကြမ်းဖက် တိုက်ခိုက်ခဲ့ကြပါတယ်” ဟု ဘိုလီးဗီးယား ဂျာနယ်လစ်များအသင်းက ထုတ်ပြန်ခဲ့သည်။
ရုပ်သံလွှင့်ယာဉ်တစ်စီးမှာ တိုက်ရိုက်ပစ်မှတ်ထား တိုက်ခိုက်ခံရသလို၊ အခြားသတင်းသမားများမှာလည်း ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်နေစဉ် ခဲများဖြင့် ပစ်ပေါက်ခံရမှုကြောင့် ပြင်းထန်သော ဒဏ်ရာများ ရရှိခဲ့ကြောင်း ဆိုသည်။
အစိုးရပိုင် ဘိုလီးဗီးယားသတင်းအေဂျင်စီ၏ ဖော်ပြချက်အရ ငွေစက္ကူများ ခိုးယူမှုဖြင့် လူတစ်ဒါဇင်ခန့်ကို ဖမ်းဆီးထားကြောင်း သိရသည်။
“အခုလို ဝမ်းနည်းစရာ အဖြစ်ဆိုးမှာ လေယာဉ်ပေါ်က ငွေတွေကို ယူဖို့ ကြိုးစားနေသူတွေကို ကျွန်တော် ရှင်းရှင်းလင်းလင်း ပြောချင်တာကတော့ ဒီငွေတွေဟာ ဗဟိုဘဏ်ကနေ ထုတ်ဝေထားတာ မဟုတ်သလို စီရီယယ်နံပါတ်တွေလည်း မပါသေးတဲ့အတွက် ဘာတရားဝင် တန်ဖိုးမှ မရှိပါဘူး။ ဒီငွေတွေကို သုံးဖို့ ကြိုးစားတာဟာ ရာဇဝတ်မှု မြောက်ပါတယ်” ဟု ကာကွယ်ရေးဝန်ကြီး မာဆယ်လို ဆာလီနာ့စ် ( က ပြောကြားခဲ့သည်။
၎င်းက ဆက်လက်၍ “ဒီဒေသမှာ ဖျက်ဆီးမှုတွေ လုပ်ဆောင်နေသူတွေ အနေနဲ့လည်း အခုလို ခက်ခဲတဲ့ အချိန်မျိုးမှာ ဝမ်းနည်းပူဆွေးနေရတာကို လေးစားတဲ့အနေနဲ့ ဒီလိုလုပ်ရပ်တွေကို ရှောင်ကြဉ်ပေးကြဖို့ တောင်းဆိုပါတယ်” ဟု ဆိုသည်။
ဘိုလီးဗီးယား ကျန်းမာရေးဝန်ကြီးဌာနကမူ လူပေါင်း ၃၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်းနှင့် သွေးအလှူရှင်များ လိုအပ်နေကြောင်း အရေးပေါ် တောင်းဆိုချက် ထုတ်ပြန်ထားသည်။
လေယာဉ်ပျက်ကျမှု ဖြစ်ပွားပြီးနောက် အယ်လ်အော်လ်တို အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ယာယီပိတ်ထားခဲ့သည်။
“လေယာဉ်ပျက်ကျချိန်မှာ ကျွန်တော့်ညီမက ကားထဲမှာ ရှိနေခဲ့တာပါ။ လေယာဉ်ရဲ့ ဘီးက ကားပေါ်ကို ပြုတ်ကျခဲ့ပြီး အရှိန်နဲ့ ထိခိုက်မှုကြောင့် သူဟာ ခေါင်းမှာ ဒဏ်ရာရသွားခဲ့ပါတယ်။ ဒါကြောင့် သူ့ကို ဆေးရုံကို အမြန်ဆုံး ပို့လိုက်ရပါတယ်” ဟု အမျိုးသားတစ်ဦးက Reuters သတင်းဌာနသို့ ပြောကြားခဲ့သည်။
လေယာဉ်ပျက်ကျရသည့် အကြောင်းရင်းကို ချက်ချင်း မသိရှိရသေးသော်လည်း မျက်မြင်သက်သေအချို့ကမူ ထိုစဉ်က ရာသီဥတုမှာ အလွန်ဆိုးရွားနေကြောင်း ပြောဆိုကြသည်။
“လေယာဉ်ပျက်ကျချိန်မှာ မိုးသီးတွေ အပြင်းအထန် ရွာနေသလို လျှပ်စီးတွေလည်း လက်နေခဲ့ပါတယ်” ဟု လေယာဉ်အပိုင်းအစများ ဝင်တိုက်မိခဲ့သည့် ကားပိုင်ရှင် အမျိုးသမီးတစ်ဦးက AFP သို့ ပြောကြားခဲ့သည်။
လက်ရှိတွင် အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက် ရှိသည်။
