မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်တွင် စစ်ကား တိုက်ခိုက်ခံရပြီး ၄ဦးသေဆုံးကာ သေနတ်၄လက် သိမ်းဆည်းရရှိခဲ့ကြောင်းသိရသည်။
ဖေဖော်ဝါရီ ၂၇ရက်၊ နံနက်၇နာရီခွဲခန့်တွင် ညောင်ဦးမြို့အခြေစိုက် ခမရ ၄၁၅ တပ်ရင်းမှ ထွက် လာသော စစ်သားတင်ကားတစ်စီးကို ပုဂံ-ညောင်ဦး-ကျောက်ပန်းတောင်းလမ်းပိုင်းပေါ်ရှိ ဝါးခင်း ကြီးချောင်းအနီး၌ ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း ပခုက္ကူမြို့နယ်ပကဖထံက သိရသည်။
” ကားပေါ်မှာက ပုံမှန်ဆို စုစုပေါင်း ၇ယောက်ပါတာ။ ကျနော်တို့နဲ့ ထိတွေ့မဖြစ်ခင် လမ်းတစ်နေ ရာမှာ သူတို့ ၂ယောက် ချခဲ့ပြီး ကျနော်တို့ဆီထွက်လာတော့ ကားပေါ်ပါတာ စုစုပေါင်း ၅ယောက်ပေါ့။ ကျနော်တို့ ကားဝင်လာလာချင်း ပစ်တဲ့အချိန်မှာ ကားမောင်းတဲ့လူထိသွားပြီး ကားက အရှိန်ပါတော့ လမ်းဘေးထိုးကျပြီး ကျနော်တို့နဲ့ မီတာ ၂၀၀လောက် ဝေးသွားတယ်။ အဲ့အချိန်မှာ ကျနော်တို့ ကား ထိုးကျသွားတာမြင်တော့ လိုက်ပစ်တဲ့အခါမှာ သူ့ဘက်ကိုယ့်ဘက် ထိတွေ့ ၁၅မိနစ်လောက်ဖြစ်တဲ့ အချိန်မှာ ၄ယောက်သေပြီး တစ်ယောက် ထွက်ပြေးတာမြင်လို့ လိုက်ပစ်ပေမယ့် အချိန်လည်း သိပ်မ ရတာကြောင့် တစ်ယောက်ကတော့ လွတ်သွားတယ်” ဟု ပခုက္ကူမြို့နယ်ပကဖမှ ရဲဘော်ဓာတ်ဗူးက MPA သို့ပြောသည်။
ယင်းတိုက်ခိုက်မှုကြောင့် ကားပျက်စီးခဲ့ပြီး MA3 သေနတ်၂လက်နှင့် ကာဘိုင် ၂လက်သိမ်းဆည်း ရရှိခဲ့ ကြောင်း သိရသည်။
” ကားကတော့ လမ်းဘေးထိုးကျပြီး ကျနော်တို့ ပစ်တာတွေကြောင့်နဲ့ မောင်းလို့မရတော့တဲ့ထိ ပျက် စီးသွားခဲ့တယ်။ သေသွားတဲ့ စကစ အလောင်း ၄လောင်းကနေ သေနတ် ၄လက်နဲ့ ကျည်ဘောက် တွေ၊ ကျည်ဆန် တွေယူလာခဲ့ပြီး ကျန်တာကတော့ဒီအတိုင်း ထားခဲ့လိုက်တာပေါ့” ဟု ၎င်းက ဆက် လက်ပြော သည်။
ယင်းတိုက်ခိုက်မှုကို ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့(ပကဖ)၊ Bagan Naung Oo Special Task Force နှင့် မကွေးတိုင်းပကဖ အမှတ်(၄) အထူးလှုပ်ရှားစစ်ကြောင်းတို့ ပူးပေါင်း ဆင်နွှဲခဲ့ခြင်းဖြစ်ပြီး PDFရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။
စစ်သားများ သေဆုံးမှုကို MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။
