ရန်ကုန်မြို့၊ သာကေတမြို့နယ်အတွင်း ညဉီးပိုင်းအချိန်၌ လမ်းဘေးထိုင်ကာ ဂစ်တာတီးနေသည့် လူငယ်၂ဦးကို ရဲများက ဖမ်းဆီးသွားကြောင်း သိရသည်။
ဖေဖေါ်ဝါရီ၂၇ရက်၊ ည၇နာရီမိနစ်၅၀ခန့်တွင် သာကေတမြို့နယ်၊၁၀မြောက်ရပ်ကွက်၊ရတနာပုံ ၃ လမ်းထိပ်၌ ယောကျာ်းလေး၂ဦး ဂစ်တာတီးနေစဉ် အမှတ်၂သာကေတရဲစခန်းမှရဲများ အိမ်စီးကား ဖြင့် ရောက်လာကာ ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ဒေသတွင်းနွေဦးတော်လှန်ရေးစာမျက်နှာ Rangoon Scout Network-RSN က သတင်းထုတ်ပြန်သည်။
“လူငယ်တွေက ကိုယ့်ရပ်ကွက်ထဲကိုယ် ဂစ်တာတီးနေကြတာ။ အချိန်ကလည်း အရမ်းလည်း ညဉ့်မနက်သေးပါဘူးဗျ၊ ၈ နာရီပဲ ရှိပါသေးတယ်။ အဲ့ဒါကို ဝင်ဖမ်းတာပါ။ ဘီယာသောက်နေလို့ ဖမ်းတာလို့ အကြောင်းပြကြလိမ့်မယ်လို့ ထင်ပါတယ်”ဟု RSN တာဝန်ရှိသူက MPAသို့ပြောသည်။
ယင်းလူငယ်များ ပြန်လည် လွတ်မြောက်လာခြင်း ရှိ၊မရှိကိုမူ ယနေ့(ဖေဖေါ်ဝါရီ၂၈ရက်)ညနေပိုင်း အချိန်ထိ မသိရသေးပေ။
“ရန်ကုန်မှာ ကင်းလှည့်တာကျတော့ ညနည်းနည်းနက်လို့ လူရှင်းတဲ့အချိန်ဆို PDF တွေ လုပ်မှာစိုး လို့ ရဲတွေက တာဝန်ကျေ စောစောကင်းလှည့်ကြတာ။ အိမ်စီးကားနဲ့ကျတော့ ပစ်တာခတ်တာ ခံရ နိုင်ခြေနည်းတယ်။ပြီးတော့ အိမ်စီးကားနဲ့ စောစောကင်းလှည့်တော့ လမ်းမှာတွေ့တဲ့ လူငယ်တွေကို အလစ် ကောက်ဖမ်းလို့လည်း ရတယ်”ဟု ရန်ကုန်မြို့ရဲသတင်းရင်းမြစ်က ပြောသည်။
ညဉီးပိုင်း မထင်ထားသည့်အချိန်တွင် လူငယ်များအား အလစ်အငိုက် ဖမ်းဆီးခြင်းဖြစ်ကြောင်း RSN တာဝန်ရှိသူက ဆိုသည်။
“ဖမ်းပြီးရင် ငွေညှစ်မယ်။မရရင် စစ်မှုထမ်းဈေးကွက်ထဲပို့ရင် ၁၀သိန်း၊၁၅သိန်း ရတယ်”ဟု ရန်ကုန် မြို့ ရဲသတင်းရင်းမြစ်က ဆက်လက်ပြောသည်။
ဖေဖေါ်ဝါရီ၂၆ရက်၊နံနက်၅နာရီခန့်က တောင်ဒဂုံမြို့နယ်၊၁၉ရပ်ကွက်၊ ၁၉ဈေးထိပ်ဘက်၌ အမျိုးသား ၂ ဦး ကြက်သွန်ကားစောင့်နေစဉ် အိမ်စီးကားတစ်စီးဖြင့် လူတစုရောက်ရှိလာပြီး ကားပေါ်ဆွဲတင် ဖမ်းခေါ်သွားကြောင်း RSN က ထုတ်ပြန်ထားသည်။
ဖေဖော်ဝါရီ ၂၅ ရက်၊ ည ၈ နာရီခန့်တွင်လည်း တောင်ဒဂုံမြို့နယ်၊ ဧရာဝဏ်လမ်းပေါ် ပွိုင့်ထိပ်မှတ်တိုင်အနီး ယောကျ်ားလေးတစ်ဦး လမ်းလျှောက်သွားလာနေစဉ် အိမ်စီးကား တစ်စီးဖြင့် လက်နက်ကိုင်အရပ်ဝတ် ၃ဦး ရောက်လာပြီး ကားပေါ်ဆွဲတင်ကာ ဖမ်းခေါ်သွားကြောင်း RSN က ထုတ်ပြန်ထားသေးသည်။
