လူထု၏ နိုင်ငံအတွင်း လွတ်လပ်စွာ သွားလာခွင့်အား စစ်ကော်မရှင် ပိုမိုထိန်းချုပ် တင်းကျပ်လာ

ဓာတ်ပုံ-ပေးပို့
ပုံစာ-အောင်မင်္ဂလာအဝေးပြေး ယာဉ်ရပ်နားကွင်းအား မြင်တွေ့ရစဉ်

အာဏာသိမ်းစစ်တပ်သည် လူထု၏ နိုင်ငံအတွင်း လွတ်လပ်စွာ ခရီးသွားလာခွင့်ကို ပိုမိုထိန်းချုပ် တင်းကျပ်လာကြောင်း ခရီးသွားပြည်သူများထံမှ စုံစမ်းသိရှိရသည်။

အာဏာသိမ်းစစ်တပ်သည် အဝေးပြေးကားလက်မှတ်များ ရောင်းချရာတွင် ပြည်နယ်နှင့် တိုင်းအများစုမှ ဒေသမှတ်ပုံတင် ကိုင်ဆောင်သူများအား ရဲစခန်းနှင့် ရပ်ကွက်ထောက်ခံစာများ ရှိမှသာလျှင် လက်မှတ်ရောင်းချရမည်ဟု အမိန့်ထုတ်ထားကြောင်း သိရသည်။

အထူးသဖြင့် ကချင်၊ စစ်ကိုင်း၊ မကွေးနှင့် ရှမ်းပြည်နယ် မှတ်ပုံတင်ကိုင်ဆောင်သူများအား ခရီးသွားခွင့်ကို ပို၍ တင်းတင်းကျပ်ကျပ် ထိန်းချုပ်နေခြင်း ဖြစ်သည်။

“ညီမတို့ကို ၁၃/၊ ၅/၊ ၈/၊ ၁/ မှတ်ပုံတင်တွေဆို ရဲစခန်းနဲ့ ရပ်ကွက်ထောက်ခံစာတွေပါမှ လက်မှတ်ရောင်းဖို့ ပြောထားတယ်။ တကယ်တော့ ၁၂/ တို့ ၁၄/ တို့လောက်ပဲ ဒီအတိုင်း ရောင်းခွင့်ပေးထားတာမျိုးပါ” ဟု အောင်မင်္ဂလာအဝေးပြေး၌ အဝေးပြေးကားလက်မှတ် ရောင်းချသူတစ်ဦးက ပြောသည်။

သို့ဖြစ်ရာ အာဏာသိမ်းစစ်တပ်က ခရီးသွားခွင့် တင်းကျပ်ထားသည့် ဒေသများမှ မှတ်ပုံတင်ကိုင်ဆောင်သူများသည် အွန်လိုင်းဘွတ်ကင် (Online Booking) ဖြင့် အဝေးပြေးကားလက်မှတ်များ ဝယ်ယူခွင့်ပင် မရှိဖြစ်နေကြောင်း သိရသည်။

“ကျမ နယ်ပြန်ဖို့ ဘွတ်ကင်တာကို ဘယ်မှတ်ပုံတင်လဲ အရင်မေးတယ်။ ၅/ ဆိုတော့ ထောက်ခံစာပါမှ ရောင်းပေးလို့ရတယ် ပြောတယ်။ အဲဒီတော့ အလုပ်တွေ ပိုတာပေါ့။ လက်မှတ်တစ်ခေါက်ဝယ်ဖို့ ရဲစခန်းတွေသွားရ၊ ရပ်ကွက်ရုံးသွားရနဲ့ တော်တော်အဆင်မပြေပါဘူး” ဟု ရန်ကုန်မြို့၌ လာရောက်အလုပ်လုပ်ကိုင်နေသည့် အသက် ၃၀ အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။

ထို့ပြင် အာဏာသိမ်းစစ်တပ်သည် မြို့အဝင်ဂိတ်များ၊ အဝေးပြေးလမ်းတစ်လျှောက်ရှိ စစ်ဆေးရေးဂိတ်များ၌လည်း PSMS စနစ်ဖြင့် စစ်ဆေးပြီး အမှုဟောင်းများ ပြန်ရှာကာ ဖမ်းဆီးနေသဖြင့် ခရီးမသွားရဲဖြစ်နေသူ အများအပြားလည်း ရှိနေသည်ဟု သိရသည်။

“ဇီးရိုးမိုင်ကစပြီး စစ်တာ၊ ဘယ်သွားသွား စစ်နေတာ။ အလုပ်ကိစ္စနဲ့တောင် ခရီးမသွားရဲဘူး။ ဟိုး ၂၀၂၁ က ဆန္ဒပြထားတာတွေနဲ့ပါ အမှုကောက်တွဲပြီး ဖမ်းနေတာလေ။ မှတ်ပုံတင်ကို PSMS နဲ့ ကောက်စစ်လို့ တစ်ခုခုညိတာနဲ့ ပြန်လမ်းမရှိတော့ဘူး။ ငြင်းခွင့်မရှိတော့ဘူး။ အသိတစ်ယောက်လည်း အဲဒီလိုပဲ အဖမ်းခံလိုက်ရတာ” ဟု အသက် ၃၅ နှစ်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။

ခရီးလမ်းတစ်လျှောက်တွင်လည်း အာဏာသိမ်းစစ်တပ်သည် လူငယ်များအား ပစ်မှတ်ထားကာ အဝေးပြေးကားပေါ်ထိ ပေါ်တာစောင့်ဖမ်းသည့် ဖြစ်စဉ်များလည်း ရှိနေသည်ဟု သိရသည်။

“ခရီးသည်တွေကို မှာထားရတယ်။ စစ်တပ်ဂိတ်တွေဖြတ်ရင် ဘယ်နေ့ပြန်မယ်ဆိုတာကို အမှန်အတိုင်းမပြောဖို့။ လူငယ်တွေပါလာရင် ပိုဆိုးတယ်။ စစ်သားတွေက ပြန်မယ့်နေ့ အတိအကျသိသွားရင် လမ်းကစောင့်ပြီး ပေါ်တာဆွဲပစ်တာ။ ကျတော်တို့လည်း ယာဉ်မောင်းဆိုတော့ ဘာမှမတတ်နိုင်ဘူး” ဟု အဝေးပြေးယာဉ်မောင်းတစ်ဦးက ပြောသည်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုဖြစ်ခဲ့အပြီး ရက်ပိုင်းအကြာတွင် အာဏာသိမ်းစစ်တပ်သည် နိုင်လွတ်လုံ (နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေ) ကို ဆိုင်းငံ့လိုက်ပြီး ယခင်လက အဆိုပါဥပဒေ ပြန်လည်အသက်ဝင်ပြီဟု ကြေညာထားသော်လည်း နိုင်ငံတော်လုံခြုံရေးခေါင်းစဉ်အောက်၌ စိတ်ကြိုက်ဖမ်းဆီးခွင့်ကို ပေးထားဆဲဖြစ်သည်။

ထို့ပြင် ပြည်သူ့စစ်မှုထမ်းဥပဒေ အကြောင်းပြ ပေါ်တာဆွဲမှုများလည်း ရှိနေပြီး ယင်းအခြေအနေများကြောင့် လူထုသည် နိုင်ငံအတွင်း လွတ်လပ်စွာ ခရီးသွားလာရန်ကိုပင် ကြောက်ရွံ့နေရလျက်ရှိသည်။