အာဏာသိမ်းပြီးနောက် ခုခံတော်လှန်စစ်ကြောင့် စစ်သားအသေအပျောက် များနေသဖြင့် အတင်းအဓမ္မ ပေါ်တာဆွဲ စစ်သားစုဆောင်းနေရသည့် အာဏာသိမ်းစစ်တပ်၏ ဒုစစ်ခေါင်းဆောင် စိုးဝင်းက ၎င်းတို့တပ်ထဲတွင် ကိုယ်တိုင်ဆန္ဒဖြင့် ဝင်ရောက်လာသူများသာ ရှိသည်ဟု လိမ်ညာပြောဆိုခဲ့ကြောင်း သိရသည်။
အဆိုပါ လိမ်ညာပြောဆိုမှုအား ယမန်နေ့က ကလောတပ်နယ်ရှိ လက်အောက်ခံစစ်သားများနှင့် တွေ့ဆုံရာတွင် ဒုစစ်ခေါင်းဆောင် စိုးဝင်းက ပြောကြားခဲ့ခြင်းဖြစ်သည်။
“တပ်မတော်သားများအနေဖြင့် မည်သူတစ်ဦးတစ်ယောက် တိုက်တွန်းချက်မျှမပါရှိဘဲ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ထမ်းဆောင်လိုသည့် ဆန္ဒများဖြင့် တပ်မတော်အတွင်းသို့ ဝင်ရောက်အမှုထမ်းခဲ့ကြသူများပီပီ နိုင်ငံတော်၏ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် ပေးအပ်လာသည့် မည်သည့်တာဝန်ဝတ္တရားများကိုမဆို ကျေပွန်စွာ ထမ်းဆောင်သွားကြရန်နှင့် တွေ့ကြုံရသည့် အခက်အခဲများကို ကြံ့ကြံ့ခံတွန်းလှန်သွားရန် လိုအပ်ကြောင်း” ဟု ဒုစစ်ခေါင်းဆောင် စိုးဝင်းက လိမ်ညာပြောဆိုသည်။
ဒုစစ်ခေါင်းဆောင် စိုးဝင်းက ထိုသို့ပြောဆိုသော်လည်း ပကတိအခြေအနေတွင်မူ အတင်းအဓမ္မ ပေါ်တာဆွဲ စစ်သားစုဆောင်းမှုများကြောင့် လူငယ်များသည် အာဏာသိမ်းစစ်တပ်ထဲသို့ မိမိဆန္ဒမပါဘဲ ဝင်ရောက်စစ်မှုထမ်းနေရသည်ကို တွေ့ရသည်။
“ကျတော်တို့ရွာမှာ လူငယ်ချင်း ရန်ဖြစ်ကြတာကို အုပ်ကြီးက တပ်ထဲထည့်လိုက်တယ်။ ဒါမျိုးတွေ ခဏခဏပဲ ဖြစ်နေတာ။ ကျတော့်သားလည်း ပေါ်တာဆွဲခံရမှာစိုးလို့ ရွာမှာမနေခိုင်းဘဲ ရှောင်ခိုင်းထားရတယ်” ဟု မော်လမြိုင်ကျွန်းမြို့နယ်ရှိ ကျေးရွာတစ်ခု၌ နေထိုင်သူတစ်ဦးက အတင်းအဓမ္မ စစ်သားစုဆောင်းနေသည့် အခြေအနေကို ပြောပြသည်။
ထို့ပြင် အာဏာသိမ်းစစ်တပ်သည် ခရီးသွားသည့် လူငယ်များကို စောင့်ကြည့်ကာ လမ်းမှနေ၍ ပေါ်တာစောင့်ဖမ်းကာ အတင်းအဓမ္မ စစ်မှုထမ်းခိုင်းခြင်းမျိုးလည်း ရှိကြောင်း သိရသည်။
“ကျတော်တို့ မကွေးဘက်သွားတာ မြို့ထဲမှာ စစ်တပ်ဂိတ်ကို ဖြတ်ကြတော့ ဘယ်နေ့ပြန်မလဲမေးတာကို ဖြေလိုက်မိတာ၊ ပြန်မယ့်ရက်ကျ လမ်းကစောင့်ဖမ်းတော့တာပဲ။ ပေါ်တာဆွဲတာ အိမ်က မနည်းပြန်ရွေးထုတ်ယူရတယ်” ဟု ပေါ်တာဆွဲခံရပြီးနောက် ပြန်လည်လွတ်မြောက်လာသည့် လူငယ်တစ်ဦးက ပြောသည်။
အဆိုပါအခြေအနေများသည် စစ်အာဏာသိမ်းပြီးနောက် ခုခံတော်လှန်မှုများကြောင့် စစ်သားပြုန်းတီးမှုများနေခြင်း၊ ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း စစ်ရှုံးခဲ့ခြင်းတို့ကြောင့် အာဏာသိမ်းစစ်တပ်က လူငယ်များကို အတင်းအဓမ္မ စစ်သားစုဆောင်းနေရခြင်းဖြစ်သည်။
၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလတွင် အာဏာသိမ်းစစ်တပ်သည် ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြဋ္ဌာန်း၍ လူငယ်များကို ပေါ်ပေါ်တင်တင် အဓမ္မစစ်သားစုဆောင်းခြင်းကို ပြုလုပ်ခဲ့ရာ ၂ နှစ်အတွင်း စစ်သားတစ်သိန်းကျော် စုဆောင်းနိုင်ခဲ့သည်ဟု သိရသည်။
ထိုသို့ အတင်းအဓမ္မ စစ်သားစုဆောင်းနေရသော်လည်း ဒုစစ်ခေါင်းဆောင် စိုးဝင်းကမူ ၎င်းတို့တပ်၌ ကိုယ်တိုင်ဆန္ဒဖြင့် တပ်ထဲဝင်လာသူများသာ ရှိသည်ဟု လိမ်ညာနေခြင်းဖြစ်သည်။
