အီရန်ရှိ ဒုံးကျည်စခန်းများကို ချေမှုန်းရန် အမေရိကန်အား UK စစ်စခန်းများအသုံးပြုခွင့် ဗြိတိန်ဝန်ကြီးချုပ် ခွင့်ပြု

ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာ (Keir Starmer) က အီရန်နိုင်ငံအတွင်းရှိ ဒုံးကျည်သိုလှောင်ရုံများနှင့် ဒုံးကျည်ပစ်စင်များကို ခုခံကာကွယ်သည့်အနေဖြင့် တိုက်ခိုက်ရာတွင် ဗြိတိန်စစ်အခြေစိုက်စခန်းများကို အသုံးပြုခွင့်ပေးရန် အမေရိကန်၏ တောင်းဆိုချက်ကို လက်ခံလိုက်ကြောင်း တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။

“အမေရိကန်ပြည်ထောင်စုက သတ်မှတ်ထားတဲ့ ကန့်သတ်ချက်ဘောင်အတွင်းကနေ ခုခံကာကွယ်ရေး ရည်ရွယ်ချက်နဲ့ ဗြိတိန်စစ်အခြေစိုက်စခန်းတွေကို အသုံးပြုခွင့်တောင်းခံခဲ့ပါတယ်။ အီရန်က ဒေသတွင်းကို ဒုံးကျည်တွေနဲ့ ထပ်မံပစ်ခတ်မှာကို တားဆီးဖို့အတွက် ကျွန်ုပ်တို့ဘက်က ဒီတောင်းဆိုချက်ကို လက်ခံဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်” ဟု ၎င်းက X လူမှုကွန်ရက်ပေါ်ရှိ ဗီဒီယိုသတင်းစကားတွင် ထည့်သွင်းပြောကြားခဲ့သည်။

ပြီးခဲ့သည့် စနေနေ့က အီရန်၏ အဓိပတိ အလီ ခါမေနီ (Ali Khamenei) သေဆုံးခဲ့ရသည့် အမေရိကန်-အစ္စရေး ပူးပေါင်းလေကြောင်းတိုက်ခိုက်မှုတွင် ဗြိတိန်နိုင်ငံ ပါဝင်ခြင်းမရှိကြောင်း ဝန်ကြီးချုပ် စတာမာက ထပ်လောင်းအတည်ပြုခဲ့ပြီး၊ နောင်တွင်ပြုလုပ်မည့် တိုက်ခိုက်မှုလှိုင်းများတွင်လည်း ဗြိတိန်က ပါဝင်မည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။

သို့သော်လည်း အီရန်ဘက်က ဒေသတွင်းသို့ ဆက်တိုက်တုံ့ပြန်တိုက်ခိုက်မှုများ ပြုလုပ်နေပြီး အဆိုပါဒုံးကျည်များသည် ဗြိတိန်နိုင်ငံသားများ တည်းခိုနေထိုင်သည့် လေဆိပ်များနှင့် ဟိုတယ်များကို ထိမှန်ခဲ့ကြောင်း ၎င်းက ဆိုသည်။

“အီရန်နိုင်ငံအပေါ် တိုက်ခိုက်မှုတွေမှာ ဗြိတိန်အနေနဲ့ မပါဝင်ဖို့ ဆုံးဖြတ်ခဲ့တာဟာ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ ဒေသတွင်းနဲ့ ကမ္ဘာကြီးအတွက် အကောင်းဆုံးနည်းလမ်းဟာ အီရန်အနေနဲ့ နျူကလီးယားလက်နက် ထုတ်လုပ်မယ့် ရည်မှန်းချက်တွေကို စွန့်လွှတ်ဖို့ သဘောတူညီချက်ရယူတဲ့ ညှိနှိုင်းဆွေးနွေးမှုပဲလို့ ကျွန်ုပ်တို့ ယုံကြည်ထားလို့ ဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

“ဒါပေမဲ့ အီရန်ဟာ ဗြိတိန်ရဲ့ အကျိုးစီးပွားတွေကို ထိပါးနေသလို ဗြိတိန်နိုင်ငံသားတွေကိုလည်း ကြီးမားတဲ့ အန္တရာယ်တွေထဲ တွန်းပို့နေပါတယ်” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

ပင်လယ်ကွေ့ဒေသရှိ ဗြိတိန်၏ မဟာမိတ်နိုင်ငံများကလည်း ၎င်းတို့ကို ကာကွယ်ပေးရန် ပိုမိုလုပ်ဆောင်ပေးဖို့ တောင်းဆိုထားကြောင်းနှင့် ဗြိတိန်နိုင်ငံသားများ၏ အသက်အန္တရာယ်ကို ကာကွယ်ရန်မှာ မိမိ၏ တာဝန်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ဗြိတိန်တိုက်လေယာဉ်များသည် ပူးပေါင်းခုခံရေး စစ်ဆင်ရေးများတွင် ပါဝင်နေပြီး အီရန်၏ တိုက်ခိုက်မှုများကို ကြားဖြတ်ဟန့်တားခဲ့ပြီးဖြစ်သော်လည်း၊ ခြိမ်းခြောက်မှုများကို ရပ်တန့်ရန် တစ်ခုတည်းသောနည်းလမ်းမှာ ဒုံးကျည်များကို ၎င်းတို့၏ ရင်းမြစ်ဖြစ်သော သိုလှောင်ရုံများနှင့် ပစ်စင်များကို ဖျက်ဆီးပစ်ရန် ဖြစ်သည်ဟု ဝန်ကြီးချုပ်က ရှင်းလင်းပြောကြားခဲ့သည်။

ထို့ကြောင့် အမေရိကန်၏ တောင်းဆိုချက်ကို လက်ခံလိုက်ခြင်းမှာ နိုင်ငံတကာဥပဒေနှင့်အညီ ရေရှည်မဟာမိတ်များနှင့် သူငယ်ချင်းများအား စုပေါင်းခုခံကာကွယ်ရန်နှင့် ဗြိတိန်နိုင်ငံသားများ၏ အသက်အန္တရာယ်ကို အကာအကွယ်ပေးရန် အပေါ် အခြေခံခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။