အီရန်ခေါင်းဆောင် အလီခါမေနီ အသတ်ခံရမှုအတွက် လက်စားချေသည့်အနေဖြင့် ဟစ်ဇ်ဘိုလာအဖွဲ့က အစ္စရေးနိုင်ငံအတွင်းသို့ ဒုံးကျည်များနှင့် ဒရုန်းများဖြင့် ပစ်ခတ်ခဲ့ရာ အစ္စရေးကလည်း ဟစ်ဇ်ဘိုလာတို့ ထိန်းချုပ်ထားရာ လက်ဘနွန်နိုင်ငံ၊ ဘေရွတ်မြို့တောင်ဘက် ဆင်ခြေဖုံးရပ်ကွက်များကို ယနေ့မတ်လ ၂ ရက် တွင် လေကြောင်းမှ ပြန်လည်တိုက်ခိုက်ခဲ့သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်ခေါင်းဆောင် ၄၈ ဦး သေဆုံးသွားပြီဖြစ်ကြောင်းနှင့် အီရန်နှင့်ဖြစ်ပွားနေသော စစ်ပွဲသည် တစ်လခန့် ကြာမြင့်နိုင်ကြောင်း ပြောကြားထားသည်။
ဟစ်ဇ်ဘိုလာအဖွဲ့က အစ္စရေးဘက်သို့ ဒုံးကျည်များနှင့် ဒရုန်းများဖြင့် ပစ်ခတ်ပြီးနောက်၊ အစ္စရေးကလည်း ဟစ်ဇ်ဘိုလာတို့ ထိန်းချုပ်ထားသည့် ဘေရွတ်တောင်ဘက် ဆင်ခြေဖုံးဒေသများကို အပြင်းအထန် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။
အမေရိကန်သည် အီရန်နိုင်ငံတစ်ဝှမ်းရှိ ပစ်မှတ်ပေါင်း ရာနှင့်ချီကို တိုက်ခိုက်ခဲ့ပြီး အီရန် အထူးတပ်ဖွဲ့ဖြစ်သော အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) ဌာနချုပ်ကို ဖျက်ဆီးခဲ့ကြောင်း ပြောကြားခဲ့သည်။ အီရန်လခြမ်းနီအဖွဲ့၏ နောက်ဆုံးထုတ်ပြန်ချက်အရ အစ္စရေးနှင့် အမေရိကန်တို့၏ တိုက်ခိုက်မှုကြောင့် လူပေါင်း ၂၀၁ ဦးထက်မနည်း သေဆုံးကြောင်း ထုတ်ပြန်ထားသည်။
အီရန်၏ ပြန်လည် တိုက်ခိုက်မှုကြောင့် အစ္စရေးနိုင်ငံအလယ်ပိုင်း ဘိတ်ရှီးမက်ရှ်မြို့တွင် လူ ၉ ဦးထက်မနည်း သေဆုံးခဲ့ပြီး တဲလ်အဗီးမြို့အနီးနှင့် ဂျေရုဆလင်မြို့ရှိ ပင်မလမ်းမကြီးပေါ်တွင်လည်း ထိခိုက်ဒဏ်ရာရသူများရှိကြောင်း သိရသည်။
ဟော်မုဇ်ရေလက်ကြားတွင် သင်္ဘောသုံးစင်း တိုက်ခိုက်ခံခဲ့ရသည်။ အဆိုပါ မဟာဗျူဟာမြောက် ရေလမ်းကြောင်းတွင် အနှောင့်အယှက်များ ဖြစ်ပေါ်နေခြင်းကြောင့် ရေနံစျေးနှုန်းများ သိသိသာသာ မြင့်တက်သွားခဲ့သည်။
အမေရိကန်စစ်သည် ၃ ဦး သေဆုံးပြီး ၅ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း ပင်တဂွန်က အတည်ပြုပြီးနောက်၊ သမ္မတ ဒေါ်နယ်ထရမ့်က ယခုပဋိပက္ခအတွင်း ပထမဆုံးကျဆုံးခဲ့သည့် အမေရိကန်စစ်သားများအတွက် လက်စားချေသွားမည်ဟု ကတိပြုခဲ့သည်။
ထရမ့်က ယခုတိုက်ခိုက်မှုများသည် လေးပတ်ခန့် ကြာမြင့်နိုင်ကြောင်း ပြောကြားထားသည်။
