NLD အစိုးရလက်ထက် ဝန်ကြီးအချို့နှင့် NLD CEC ဒေါက်တာမျိုးအောင်တို့ ပြန်လည်လွတ်မြောက်

ဓာတ်ပုံ-လူမှုကွန်ရက်

ယနေ့ ပြန်လည်လွတ်မြောက်လာသူများ၌ NLD အစိုးရလက်ထက်၌ ထင်ရှားသည့် အစိုးရအဖွဲ့ဝင်များနှင့် ပါတီခေါင်းဆောင်အချို့ ပြန်လည် လွတ်မြောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ လွတ်မြောက်ခဲ့သူများသည် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ဝန်ကြီး ဦးမင်းသူ၊ နေပြည်တော် မြို့တော်ဝန် ဒေါက်တာမျိုးအောင်( NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် (CEC)) ၊ နေပြည်တော် ဒုမြို့တော်ဝန် ဦးရဲမင်းနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဌာန ဝန်ကြီး ဒေါ်မိုးမိုးစုကြည်တို့ဖြစ်သည်။

၎င်းတို့သည် စစ်တပ်အာဏာသိမ်းပြီးနောက် မတရားဥပဒေပုဒ်မများဖြင့် မတရားအကျဉ်းချခံခဲ့ရသူများလည်းဖြစ်သည်။

“ဒေါက်တာမျိုးအောင်၊ကိုရဲမင်းဦး၊ မိုးမိုးစုကြည်နဲ့ မိုးဆန်းစုကြည် တို့ ပြန်လွတ်လာတယ်” ဟု ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ ရန်ကုန်တိုင်းလွှတ်တော် အမတ်တစ်ဦးက အတည်ပြုပြောကြားသည်။

ယနေ့ (မတ်လ ၂ ရက်) တွင် ကျရောက်သော တောင်သူလယ်သမားနေ့ အထိမ်းအမှတ်အဖြစ် စစ်ကော်မရှင်က အကျဉ်းထောင်အသီးသီး၌ ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသား စုစုပေါင်း ၇,၃၃၇ ဦးကို အမိန့်အမှတ် (၈/၂၀၂၆) ဖြင့် လွတ်ငြိမ်းခွင့်ပြုလိုက်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

အဆိုပါ လွတ်မြောက်လာသူများထဲတွင် အဓိကအားဖြင့် နွေဦးတော်လှန်ရေးနှင့် ဆက်စပ်၍ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(ည) နှင့် ပုဒ်မ ၅၂(က) တို့ဖြင့် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများနှင့် အရပ်သားများ အများအပြား ပါဝင်ကြောင်း သိရှိရသည်။

ယခုလွတ်ငြိမ်းခွင့်ရရှိသူများ ကျခံခဲ့ရသည့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(ည) သည် အကြမ်းဖက်အုပ်စုသို့ ငွေကြေးထောက်ပံ့မှုနှင့် သက်ဆိုင်ကာ ထောင်ဒဏ်တစ်သက်အထိ ချမှတ်နိုင်သော ပုဒ်မဖြစ်ပြီး၊ ပုဒ်မ ၅၂(က) မှာမူ အဆိုပါအဖွဲ့အစည်းများနှင့် ဆက်သွယ်ခြင်း၊ ပါဝင်ခြင်းတို့အတွက် အသုံးပြုသည့် ပုဒ်မများ ဖြစ်သည်။