အီရန်နိုင်ငံအား အစ္စရေးနှင့် အမေရိကန်တို့၏ တိုက်ခိုက်မှုများတွင် နျူကလီးယားအဆောက်အအုံများ ထိမှန်ခဲ့သည့် အရိပ်အယောင်မရှိကြောင်း ကုလသမဂ္ဂ နျူကလီးယားစောင့်ကြည့်ရေးအဖွဲ့ (IAEA) အကြီးအကဲ ရာဖေးလ် ဂရော့ဆီက ယနေ့ မတ်လ ၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။
အဆိုပါ ထုတ်ပြန်ချက် ထွက်ပေါ်လာပြီး မကြာမီမှာပင် အီရန်သံအမတ်က စခန်းတစ်ခု ထိမှန်သွားကြောင်း ပြောကြားသည်။
ပြီးခဲ့သည့် ဇွန်လအတွင်းက တိုက်ခိုက်ခံရမှုအပြီးတွင် ကျန်ရှိနေသော အီရန်၏ နျူကလီးယား အဆောက်အအုံများသည် ယခုစစ်ဆင်ရေးတွင် ယနေ့အထိ အကြီးအကျယ် ထိခိုက်မှုမရှိသေးဟု ယူဆရသည်။
“နျူကလီးယား တပ်ဆင်မှုတွေထဲက တစ်ခုခု ပျက်စီးသွားတာ ဒါမှမဟုတ် ထိမှန်သွားတာမျိုး ကျွန်တော်တို့ဆီမှာ အချက်အလက် မရှိသေးပါဘူး” ဟု အဖွဲ့ဝင် ၃၅ နိုင်ငံပါဝင်သော IAEA အုပ်ချုပ်ရေးမှူးများအဖွဲ့ အစည်းအဝေးတွင် ရာဖေးလ် ဂရော့ဆီက ပြောကြားခဲ့သည်။
IAEA အနေဖြင့် အီရန်ရှိ တာဝန်ရှိသူများနှင့် ဆက်သွယ်၍မရသေးကြောင်း ပြောထားသဖြင့် ၎င်း၏ အကဲဖြတ်ချက်သည် မည်သည့်အရာပေါ်တွင် အခြေခံထားသသည်ဆိုခြင်းကို မသိရသေးပေ။
အီရန်အစိုးရသည် ဇွန်လအတွင်းက တိုက်ခိုက်ခံခဲ့ရသည့် ၎င်းတို့၏ နူကလီးယားစခန်းများသို့ IAEA အား ပြန်လည်ဝင်ရောက်ခွင့် မပေးသေးပေ။
“အီရန် နျူကလီးယား ထိန်းကျောင်းရေး အာဏာပိုင်တွေနဲ့ ဆက်သွယ်ဖို့ ကြိုးစားနေပေမဲ့ အခုထိတော့ တုံ့ပြန်မှု မရသေးပါဘူး။ ဒီအရေးကြီးတဲ့ ဆက်သွယ်ရေးလမ်းကြောင်းကို အမြန်ဆုံး ပြန်လည် ထူထောင်နိုင်ဖို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်” ဟု ၎င်းက ဆိုသည်။
နာတန့်ဇ်စခန်းတွင် ဇွန်လအတွင်းက တိုက်ခိုက်ခံခဲ့ရသည့် ယူရေနီယံသန့်စင်စက်ရုံ နှစ်ခုရှိပြီး ယင်းတို့အနက် မြေပေါ်စက်ရုံမှာ ပျက်စီးသွားခဲ့ကာ မြေအောက်စက်ရုံမှာလည်း အနည်းဆုံး ပြင်းထန်စွာ ပျက်စီးခဲ့ကြောင်း IAEA က ဆိုထားသည်။
